မော်လမြိုင် ၊ ဩဂုတ် ၁၀

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ အခရာကျတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေ အားလုံး စုစည်းညီညွတ်မှုကို မြှင့်တင်နိုင်ဖို့ လမ်းညွှန်ချက်တစ်ရပ် ချမှတ်ထားတယ်လို့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့က ပြောပါတယ်။

ဩဂုတ် ၆ ရက်နေ့က ကျင်းပခဲ့တဲ့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာ မိတ် ၇ ဖွဲ့ 7 EAO Alliance ရဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးမှာ လက်ရှိ နိုင်ငံရေး စစ်ရေးအခြေအနေတွေ နိုင်ငံတကာအခင်းအကျင်းနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အလားလာတွေအပေါ် အခြေခံပြီး လုပ်ငန်းစဉ်တွေ ချမှတ်ဖော်ဆောင်နိုင်ဖို့ အဖွဲ့ဝင်အသီးသီးရဲ့ အစီရင်ခံစာတွေကို သုံးသပ်ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် အဲဒီအစည်းအဝေးကနေ လမ်းညွှန်သဘောထား ၅ ရပ်ကို ချမှတ်ပေးနိုင်ခဲ့တယ်လို့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထဲမှာ ဖက်ဒရယ်အတွက် ပုံမှန်မဟုတ်တဲ့ အခင်းအကျင်းအောက်မှာ EAO တွေ အားလုံး စုစည်းညီညွတ်မှုကို မြှင့်တင်နိုင်ရေးဆိုတဲ့အချက်လည်း ပါဝင်တယ်လို့ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မယ်ဆိုလို့ရှိရင် ဖက်ဒရယ်လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ တိုင်းရင်းသား ၇ ဖွဲ့ထဲနဲ့ ဘယ်လိုမှ ခရီးမရောက်နိုင်ပါဘူးဆိုတာ သိတယ်လေ။ ဒါကြောင့်မို့လို့ ဒီအချိန်မှာ ရည်မှန်းချက်တွေ တူရဲ့သားနဲ့ လုပ်နည်းကိုင်နည်းတွေ အကွဲ ကွဲပြားပြားဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဒီလိုမျိုး ပုံမှန်အခြေအ နေမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုအောက်မှာ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ဖက်ဒရယ်တည်ဆောက်ဖို့ အခရာကျတဲ့ အစုအဖွဲ့တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ EAO တွေအားလုံး စုစည်းနိုင်မှုကိုလည်းပဲ ကျွန်တော်တို့ နည်းလမ်းတွေ ဘာတွေ ရှာကြံဖို့ လမ်းညွန်ချက်တစ်ချက်ထဲမှာ ပါပါတယ်”လို့ ဆိုပါတယ်။

ကျန်လမ်းညွှန်ချက်တွေထဲမှာတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံခြင်းနည်းလမ်းနဲ့ အဖြေရှာရေး၊ လက်ရှိ ကြုံတွေ့နေရတဲ့ တစ်နိုင်ငံလုံး ပြဿနာကို နည်းလမ်းရှာဖို့ ပကတိအခြေအနေမှာရှိတဲ့ သက်ဆိုင်သူအင်အားစုတွေ အားလုံး ထိတွေ့ဆက်ဆံ စကားပြောနိုင်တဲ့ အခင်းအကျင်း ပေါ်ပေါက်ဖို့လည်း ပါပါတယ်။

ဒါ့အပြင် ဒီမိုကရေစီအတွက် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုတွေနဲ့ ညှိနှိုင်းမှုတွေ ပူးပေါင်းလုပ် ဆောင်ဖို့နဲ့ NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို Join Ownerships အဖြစ် ကျင်းပနိုင်‌ရေးတို့ ဖြစ်ပါတယ်။

အဲဒီလမ်းညွှန်ချက်တွေဟာ ပကတိမျက်မှောက် ကြုံတွေ့နေရတဲ့ အခင်းအကျင်းတွေနဲ့ လိုက်လျော ညီထွေစွာ လုပ်ငန်းစဉ်တွေကို အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ကနေ ဖွဲ့စည်းထားတဲ့ အတွင်းရေးမှူးအဖွဲ့က အဆင့်ဆင့်ဖော်ဆောင်နိုင်ရေးတို့အတွက် ချမှတ်ပေးထားတာပါ။

၂၀၂၁ ခုနှစ် နောက်ပိုင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေ အရပ်ရပ်ကြောင့် စစ်ဘောင်ကျယ်ပြန့်ပြီး တွေ့ဆုံဆွေးနွေးမှု ကျဉ်းမြောင်းတဲ့ ပုံမှန်မဟုတ်တဲ့ အခင်းအကျင်းဟာ ပကတိအခြေအနေလို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

“လက်ရှိ ကြုံတွေ့နေရတဲ့ အခင်းအကျင်းလို့ပြောတာက ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိ ဖြစ်တည်နေတဲ့ ပကတိနိုင်ငံရေးအခင်းအကျင်းကို ပြောတာဖြစ်ပါတယ် ခင်ဗျ။ ဒီနိုင်ငံရေးအခင်းအကျင်းဆိုတာလည်း အားလုံးသိတဲ့အတိုင်းပဲလေ၊ အချိန်ကာလအားဖြင့်လည်း လေးနှစ်ကျော်ကြာခဲ့ပြီ စစ်ရေးဘောင်ကလည်း အရမ်းကို ကြီးမားကျယ်ပြန့်ပြီး ကျွန်တော်တို့ အရင်တုန်းက လုပ်နေတဲ့ နိုင်ငံ‌ရေးတွေ့ဆုံဆွေးနွေးမှုတွေ မရှိသလောက်ကို ကျဉ်းမြောင်းနေတယ်”လို့ ဆိုပါတယ်။

အစည်းအဝေးကို ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းနဲ့တကွ အဖွဲ့ဝင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေ၊ လုပ်ငန်းကော်မတီတွေရဲ့ ညှိနှိုင်းရေးမှူးတွေနဲ့ အထူးဖိတ်ကြားထားသူတွေ စုံညီစွာ တက်ရောက်ခဲ့ကြတာပါ။

အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ထဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO- NCA/S တို့ ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-EAOs

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.