ဆိုင်ဘာဂျာယာ၊ သြဂုတ် ၉

မြန်မာနိုင်ငံရဲ့ လက်တွေ့ အခြေအနေကို လေ့လာဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် ဦးဆောင်တဲ့ အာဆီယံအဖွဲ့ စက်တင်ဘာ ၁၉ ရက် လာရောက်ဖို့ ရှိနေပါတယ်။

ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေလည်း ပါဝင်မယ့် အဲဒီ အာဆီယံအဖွဲ့က အရေးပေါ် အခြေအနေ ရုတ်သိမ်းပြီး စစ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီးနောက် ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့သစ် လက်ထက် အခြေအနေတွေကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဝန်ကြီး မိုဟာမက်က ပြောပါတယ်။

“အရင်က သူတို့ (ထိုင်း၊ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား) သီးခြားစီ သွားရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စည်းလုံးမှုကို ပြသပါမယ်။ ဖိလစ်ပိုင်ဟာ ၂၀၂၆ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌနေရာကို ရယူမှာ ဖြစ်တာကြောင့် သူတို့ကိုလည်း ခေါ်သွားပါမယ်” လို့ ဝန်ကြီးမိုဟာမက်က ပြောပါတယ်။

အာဆီယံ ဥက္ကဋ္ဌအသစ် ဖြစ်လာမယ့် နိုင်ငံက ဘာတွေ ဆောင်ရွက်ရမလဲဆိုတာကို သိအောင် မိမိတို့ အခုလို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

သြဂုတ် ၈ ရက်က မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင် ဦးဆောင် ကျင်းပခဲ့တဲ့ အာဆီယံ တည်ထောင်မှု ၅၈ နှစ် အခမ်းအနားပြီးနောက် မိုဟာမက်က အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေအနေနဲ့ အထူးသဖြင့် အပစ်ရပ်မှုကို သက်တမ်းတိုးရမှာ ဖြစ်သလို ပိုမို ကျယ်ပြန့်လာ အောင်လုပ်ဆောင်ရမှာ ဖြစ်ပြီး ပေးထားတဲ့ ကတိတွေအတွက် လက်တွေ့ ဆောင်ရွက်ရမယ်လို့ ဝန်ကြီး မိုဟာမက်က ပြောပါတယ်။

အောက်တိုဘာမှာ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံညီလာခံ မတိုင်ခင် အဆိုပြုထားတဲ့ ရက်စွဲ ဖြစ်တဲ့ စက်တင်ဘာ ၁၉ ရက်မှာ မြန်မာ နိုင်ငံသို့ သွားရောက်ဖို့ အများဆုံး ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပြီး အရေးပေါ် အခြေအနေကို ရုတ်သိမ်းဖို့ သို့မဟုတ် သက်တမ်း ထပ်မတိုးဖို့ ဆုံးဖြတ်တာဟာ ဖွဲ့စည်းပုံအတိုင်း လုပ်ဆောင်တာ ဖြစ်ပေမယ့် ရွေးကောက်ပွဲကို ပြီးပြည့်စုံအောင် ကျင်းပနိုင်တဲ့ အခြေအနေ ရှိ၊မရှိ မိမိအနေနဲ့ ရှင်းရှင်းလင်းလင်း သိချင်တယ်လို့လည်း သူက ပြောပါတယ်။

အရေးပေါ် အခြေအနေ ရုတ်သိမ်းလိုက်တယ်ဆိုပေမယ့် ဒေသ ၆၃ ခုမှာ အရေးပေါ် အုပ်ချုပ်ရေး ဆက်ရှိနေဆဲပဲလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref: Bernama

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.