နယူးဒေလီ၊ သြဂုတ် ၉

အမေရိကန်ဆီက လက်နက်အသစ်တွေနဲ့ လေယာဉ်တွေ ဝယ်ယူမယ့် အစီအစဉ်ကို အိန္ဒိယအစိုးရက ရပ်ဆိုင်းထားလိုက်ကြောင်း အဲဒီကိစ္စနဲ့ နီးစပ်တဲ့ အိန္ဒိယအရာရှိ ၃ ဦးက ပြောပါတယ်။

အိန္ဒိယ ပို့ကုန်တွေကို အခွန်တိုးကောက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးဟာ ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီး မကျေနပ်ကြောင်း အိန္ဒိယရဲ့ ပထမဆုံး ဖော်ပြမှု လက္ခဏာ ဖြစ်ပါတယ်။

လက်နက်အသစ်တွေနဲ့ လေယာဉ်တွေ ဝယ်ယူရေး ကြေညာဖို့အတွက် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာ့သ်နက်ခ် ဆင်းချ်ဟာ လာမယ့် သီတင်းပတ်တွေအတွင်း ဝါရှင်တန်သို့ သွားရောက်ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။

ရုရှားဆီက ရေနံတွေ ဝယ်ယူနေတာကြောင့် အပြစ်ပေးတဲ့အနေနဲ့ အမေရိကန်က အိန္ဒိယပို့ကုန်တွေ အပေါ် ထပ်တိုးအခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သြဂုတ် ၆ ရက်မှာ ကြေညာခဲ့တာပါ။

ရုရှားဆီကနေ ရေနံတွေ ဝယ်ယူနေတာဟာ ယူကရိန်းကို တိုက်ခိုက်ရေး ရုရှားကို ငွေပေးနေသလိုပဲလို့ သမ္မတ ထရန့်က ပြောပါတယ်။

အိန္ဒိယအပေါ် အခွန်တိုးကောက်လိုက်တာကြောင့် စုစုပေါင်း အခွန် ၅၀ ရာခိုင်နှုန်းအထိ ရှိလာပြီး အမေရိကန်ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကြားမှာ အမြင့်မားဆုံး အခွန်ကောက်ခံမှု ဖြစ်ပါတယ်။

အမေရိကန်သမ္မတဟာ သူကိုယ်တိုင် ပြဌာန်းထားတဲ့ အခွန်တွေကို အလျင်အမြန် ပြောင်းပြန်လှန်ပစ်တတ်တဲ့ ရာဇဝင်ရှိပြီး အိန္ဒိယက ဝါရှင်တန်နဲ့ ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ပြောထားပါတယ်။

အခွန်ပြဿနာနဲ့ ပတ်သက်လို့ ပြေလည်သွားရင် အမေရိကန်ဆီက လက်နက် ဝယ်ယူရေး အစီအစဉ် ပြန်ပြီး အသက်ဝင်လာနိုင်ပေမယ့် မကြာခင် ဖြစ်လာဖို့တော့ မရှိဘူးလို့ သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။

အမေရိကန်ဆီကနေ ကာကွယ်ရေးပစ္စည်းတွေ ဝယ်ယူမှု ရပ်ဆိုင်းရေး စာရေးသား ညွှန်ကြားထားတာ မရှိသေးဘဲ နယူးဒေလီအနေနဲ့ အခုဆုံးဖြတ်ချက်ကို အလျင်အမြန် ပြောင်းပြန်လှန်ပစ်နိုင်ပေမယ့် လောလောဆယ်အထိတော့ ဝယ်ယူဖို့ မဖြစ်နိုင်သေးဘူးလို့ တခြား အိန္ဒိယအရာရှိ တစ်ယောက်က ပြောပါတယ်။

အိန္ဒိယအစိုးရကတော့ အဲဒီ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုမှုကို ငြင်းချက်ထုတ်ထားပြီး အမေရိကန် လက်နက်တွေ ဝယ်ယူရေး အခြေအနေ တိုးတက်မှုရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ရုရှားမှာ သမ္မတ ပူတင်နဲ့ ကောင်းကောင်း ဆွေးနွေးဖြစ်ခဲ့ပြီး ယူကရိန်း အခြေအနေကို ဆွေးနွေးခဲ့သလို ဆက်ဆံရေး တိုးမြှင့်ရေးလည်း ဆွေးနွေးခဲ့တယ်လို့ လူမှုမီဒီယာမှာ သြဂုတ် ၈ ရက်က ဖော်ပြထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.