မော်လမြိုင် ၊ ဩဂုတ် ၁၀

မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အခုပညာသင်နှစ်အတွင်း အခြေခံပညာသင်ယူခွင့် ဆုံးရှုံးသူပေါင်း ခုနှစ်သန်းနီးပါး ရှိနိုင်တယ်လို့ သု တေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar က သြဂုတ် ၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ISP-Myanmar ရဲ့ အစီရင်ခံစာအရ အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူ စုစုပေါင်း ၉ ဒသမ ၇ သန်းကျော် ရှိခဲ့ပေမယ့် လက်ရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာတော့ ၆ ဒသမ ၁ သန်းပဲ ရှိတော့တာဖြစ်တဲ့အတွက် နှစ်စဉ် ကျောင်းအပ်နှံမှု ကျဆင်းလာတာကို တွေ့ရမှာပါ။

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းနဲ့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA တို့ရဲ့ ထုတ်ပြန်ချက်တွေအရ ကျောင်းနေ အရွယ် လူဦးရေဟာ ၁၃ သန်းဝန်းကျင်ရှိနိုင်ပြီး ဒီပမာဏကို အခြေခံတွက်ပါက အခုပညာသင်နှစ်မှာ ကျောင်းနေအရွယ် ၇ သန်းဝန်းကျင် အခြေခံပညာ သင်ယူခွင့် ဆုံးရှုံးနိုင်တယ်လို့ ထောက်ပြထားပါတယ်။

CDM ကျောင်းဆရာတစ်ဦးကတော့ အခြေခံပညာသင်ယူခွင့် ဆုံးရှုံးသွားတာကြောင့် တချို့ကလေး သူငယ်တွေအနေနဲ့ လမ်းမှားတွေ ရောက်ကုန်တာရှိသလို သူတို့ရဲ့ အနာဂတ် ဆိုးရွားသွားပြီလို့ သံ လွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိက ဖြစ်လာနိုင်တာတော့ဗျာ အခုဆိုရင် ကလေးတွေက ၁၂ နှစ်/၁၃ နှစ်လောက်ဆိုရင် သူတို့က တော်တော်များများကို အပြင်စိတ်တွေ ရောက်တယ်ပေါ့ဗျာ။ ဆေးလိပ်သောက်တာတို့ ကွမ်းဝါးတာတို့ တချို့ တလေဆိုရင် မူးယစ်ဆေးဝါးတောင်မှ နည်းနည်းပါးပါး သုံးတဲ့အလေ့အကျင့် ထိအောင်ကို ရောက်သွားတဲ့ ကလေးတွေလည်း အများကြီးပဲ။ ဒီလိုနဲ့ ကလေးတွေရဲ့ အနာဂတ်ကတော့ တော် တော်ကြီးကို အခြေအနေက ဆိုးနေပါပြီ”လို့ ဆိုပါတယ်။

ဒါ့အပြင် တချို့ ကလေးသူငယ်တွေအနေနဲ့ ပညာသင်ခွင့် ဆုံးရှုံးသွားတဲ့အတွက် တွေ့ရာ ကြုံရာ ကျပန်း အလုပ်တွေ လုပ်ကိုင်နေရတာ၊ အရွယ်မရောက်ခင် တဖက်နိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်နေရတာတွေအပြင် အရွယ်မတိုင်ခင် အိမ်ထောင်ပြုတာတွေကအစ အရင်ကထက် ပိုဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။

ISP-Myanmar ကတော့ အခုနှစ် ကျောင်းဝင်နှုန်းကို တွက်ကြည့်ပါက ကျောင်းနေအရွယ် ကလေး အားလုံးရဲ့ ၅၃ ရာခိုင်နှုန်း ဟာ ကျောင်းအပ်နိုင်ခြင်းမရှိဘဲ ပညာသင်ယူခွင့်တွေ ဆုံးရှုံးနေရသလို တဖက်မှာလည်း အဆင့်မြင့်ပညာ တက်လှမ်းသင်ယူခွင့်ရှိမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနှုန်းကလည်း ဆက်တိုက်ကျဆင်းနေတယ်လို့ ထောက်ပြထားပါတယ်။

CDM ကျောင်းဆရာမ တစ်ဦးကလည်း ပညာသင်ခွင့် ဆုံးရှုံးတဲ့ ကလေးသူငယ် ၇ သန်းဝန်းကျင်ဆိုတာ နိုင်ငံရဲ့ အနာဂတ် လူ့စွမ်းအား အရင်းအမြစ်တွေ ဖြစ်တာကြောင့် တိုင်းပြည်ရဲ့ အနာဂတ် ရိုက်ချိုးခံလိုက်ရတာ ဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“ကလေးသူငယ် ၇ သန်းဆိုတာက နိုင်ငံရဲ့ တကယ့်အနာဂတ် အင်အားလူ့စွမ်းအား အရင်းအမြစ်ပဲလေ။ နှမြောစရာပေါ့နော်၊ ပညာသင်ခွင့် ဆုံးရှုံးတယ်။ သူတို့ ဗုံးတွေ ကြဲတယ်။ ဘယ်လိုမှ ကျောင်းတက်ဖို့ အဆင်မပြေဘူး။ အဲဒါတွေ ဖြစ်လာတဲ့ အခါကျတော့ ဒါက တိုင်းပြည်ရဲ့ အနာဂတ်ကို ရိုက်ချိုးလိုက်တာနဲ့ တူတူပဲပေါ့နော်။ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးတယ်”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကလေးငယ်တွေအတွက် အခြေခံပညာ သင်ယူခွင့် ရရှိရေးဟာ ကြီးမားတဲ့ အခက်အ ခဲ ဖြစ်နေပြီး စီးပွားရေး မပြေလည်တာ၊ ဝင်ငွေထွက်ငွေ မမျှတတာနဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း လုံးခြုံရေး စိတ်မချရတာတွေဟာ ကျောင်းတက်နှုန်းကို ကျဆင်းစေတာ ဖြစ်တယ်လို့ ISP-Myanmar က ဆိုထားပါတယ်။

ဒါ့အပြင် စစ်ရေး ပဋိပက္ခ ပြင်းထန်တဲ့ နေရာတွေမှာတော့ ပညာသင်ယူခွင့် ဆုံးရှုံးတာတွေ ပိုများနေပြီး စာသင်ကျောင်းအများစု ပိတ်ထားရတာအပြင် စစ်ကော်မရှင်ရဲ့ လေကြောင်း တိုက်ခိုက်မှု အန္တရာယ် ကင်းလွတ်အောင် တချို့ စာသင်ကျောင်းတွေကို ဗုံးခိုကျင်းတွေနဲ့ တွဲထားရတာတွေလည်း ရှိတယ်လို့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.