ကျိုက်ထို၊ ဩဂုတ် ၁၀

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာမှာ တိုက်ပွဲမရှိဘဲစစ်ကော်မရှင်တပ်က လေကြောင်း ကနေ ဗုံးကြဲသွားတာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၉ ရက်နေ့ မနက် ၉ နာရီခန့်အချိန်က နေပြည်တော်လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စီးဟာ ပိန္နဲကုန်းကျေးရွာကို လေကြောင်းကနေ ပေါင် ၃၀၀ ဗုံး တစ်လုံး လာရောက်ကြဲချသွားတာပါ။

ဗုံးကြဲခံရတာကြောင့် ပိန္နဲကုန်းကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဦးကျော်သိန်း ထိမှန်သေဆုံးပြီး ကိုအောင်ဖြိုးဝေ၊ ကိုဖြိုးကြီးအပါအဝင် ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီဗုံးကြဲမှုအတွင်း ကားနှစ်စီးအပါအဝင် ဒေသခံ နေအိမ် သုံးလုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေကိုတော့ နီးစပ်ရာဆေးပေးခန်းတွေထံ ပို့ဆောင်ထားပါတယ်။

ဒီဗုံးကြဲမှုဟာ အရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာထဲကို အကြောင်းမဲ့သက်သက် လေကြောင်းတိုက်ခိုက်မှု ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့ကစပြီး စစ်ကော်မရှင်ရဲ့ ကျိုက်ထိုမြို့အခြေစိုက် အမှတ်(၄၄) တပ်မဌာနချုပ်ကနေ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်တပ်က ဒရုန်း၊ လက် နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏဆိုသလို ပြုလုပ်နေတဲ့အတွက် အရပ် သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KIC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.