ဝါရှင်တန်၊ သြဂုတ် ၆
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အပစ်အခတ်ရပ်စဲဖို့ တိုက်တွန်းထားပေမယ့် ဇန်နဝါရီက အိမ်ဖြူတော်သို့ သူပြန်ရောက်လာပြီးနောက်ပိုင်း ရုရှားက ယူကရိန်းကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ နှစ်ဆကျော် တိုးပြီး တိုက်ခိုက်နေပါတယ်။
၂၀၂၄ ခုနှစ်က သမ္မတဟောင်း ဂျိုး ဘိုင်ဒန် လက်ထက်မှာ ရုရှားရဲ့ တိုက်ခိုက်မှုတွေ ပိုများလာခဲ့ပြီး ဖြစ်ပေမယ့် နိုဝင်ဘာက ထရန့် ရွေးကောက်ပွဲ နိုင်ပြီးနောက်မှာ ပိုများလာတယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။

ဇန်နဝါရီက သူအိမ်ဖြူတော်သို့ ပြန်ရောက်လာပြီး နောက်ပိုင်းမှာ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ စစ်ပွဲတလျှောက် အများဆုံး ဖြစ်လာခဲ့ပါတယ်။
ထရန့်က သူ့အနေနဲ့ သမ္မတ ဖြစ်လာမယ်ဆိုရင် ရုရှား-ယူကရိန်း စစ်ပွဲကို တစ်ရက်တည်းနဲ့ အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ မဲဆွယ်ကာလက ကြွေးကြော်ခဲ့ပါတယ်။
အမေရိကန်မှာ ကရင်မလင်နန်းတော်က လေးစားတဲ့ သမ္မတ တစ်ယောက် တာဝန်ယူနေမယ်ဆိုရင် ယူကရိန်းအပေါ် ရုရှားက ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်မှုကို ရှောင်လွှဲနိုင်ခဲ့လိမ့်မယ်လို့ ထရန့်က မဲဆွယ်ကာလအတွင်း ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းရာမှာ ထရန့်ဟာ ရုရှား အကြိုက် လိုက်လုပ်နေတယ်လို့ ဝေဖန်သူတွေက စွပ်စွဲခဲ့ကြပါတယ်။
သူ့ရဲ့ အစိုးရအဖွဲ့ကလည်း ယူကရိန်းသို့ လက်နက်ခဲယမ်း ထောက်ပံ့မှုကို သီးခြား နှစ်ကြိမ်မှာ ရပ်တန့်ထားခဲ့ပါတယ်။
ရုရှားက ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ထုတ်လုပ်မှု စဉ်ဆက်မပြတ် တိုးမြှင့်နေချိန်မှာ ထရန့်က မတ်လနဲ့ဇူလိုင်ကအတွင်း ယူကရိန်းသို့ လက်နက် ထောက်ပံ့မှုတွေ ရပ်ဆိုင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်ပေးခဲ့ပါတယ်။
ယူကရိန်း ထောက်လှမ်းရေးရဲ့ အဆိုအရ ရုရှားရဲ့ ပြီးခဲ့တဲ့နှစ် ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်မှု ၆၆ ရာခိုင်နှုန်း ပိုများလာတယ်လို့ ဆိုပါတယ်။
ဒီရက်စက်တဲ့ စစ်ပွဲဟာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်ရဲ့ ထိထိရောက်ရောက် ကိုင်တွယ်မှု မရှိတာကြောင့် ဖြစ်လာရတာလို့ အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ အန်နာ ကယ်လီက ပြောဆိုထားပါတယ်။
Ref:BBC