သံတောင်ကြီး၊ သြဂုတ် ၇

ကရင်ပြည်နယ် တောင်ပေါ်မြို့ဖြစ်တဲ့ သံတောင်ကြီးမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း မိုး သည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျရေတွေ စီးဆင်းလာကာ မြေပြိုကျမှုကြောင့် သုံးရက်အတွင်း ကလေးနှစ်ဦးအပါအဝင် သေဆုံးသူဦးရေ ၈ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဩဂုတ် ၄ ရက်နေ့က သံတောင်ကြီးမြို့အနီးတဝိုက်က တောင်ပေါ်ရွာတွေမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျရေတွေ စီးဆင်းလာတာ၊ မြေပြိုတာတွေ ဖြစ်ပွားခဲ့တဲ့အတွက် လူနေအိမ်ပေါ်ကို မြေပြိုကျခဲ့ရာ လိပ်ပြာလေးကျေးရွာက ဒေသခံ ၄ ဦး အသက်သေဆုံးခဲ့သလို ပျောက်ဆုံးသူ ၃ ဦးရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ် ၆ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်မှာ သံတောင်ကြီးမြို့ပေါ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုကျမှုကြောင့် အမှတ် ၁ ရက်ကွက်မှာ နေအိမ်တစ်အိမ်အပေါ် မြေပြိုကျခဲ့ကာ ကလေး ၂ ဦးပါဝင်တဲ့ မိသားစုဝင် ၄ ဦး အသက်သေဆုံးသွားခဲ့တယ်လို့ သံတောင်ကြီးဒေသခံတွေဆီကနေ သိရပါတယ်။

သေဆုံးသွားတဲ့ မိသားစုဝင် ၄ ဦးမှာ အသက် ၃၀ ကျော် လင်မယားနှစ်ဦး၊ အသက် ၄ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးနှစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတောင်မြို့(၁၃)မိုင်မှာလည်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေစီးဆင်းလာတာကြောင့် ဩဂုတ် ၆ ရက်နေ့ မနက် ၈ နာရီအချိန်က ပသိချောင်းကူးတံတား ၂ စင်း ထိခိုက်ပျက်စီးခဲ့ရပြီး သံတောင်မြို့ အမှတ် ၂ ရပ်ကွက်က နေအိမ်တစ်လုံးလည်း ရေစီးနဲ့အတူ မျောပါပျက်စီးသွားခဲ့ကာ လူထိခိုက်မှုမရှိဘူးလို့ သံတောင်ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုကျတာတွေကြောင့် ဩဂုတ် ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ သုံးရက်အတွင်း သေဆုံးသူဦးရေ ၈ ဦးအထိ ရှိလာခဲ့ပြီး ဒေသခံတွေရဲ့ ဥယျာဉ်ခြံမြေတွေ အများအပြား ဆုံးရှုံးခဲ့ရသလို တချို့ကျေးရွာတွေမှာ မြေပြိကျတဲ့အတွက် တစ်ရွာလုံးနီးပါး ခေတ္တရှောင်နေရတယ်လို့ သိရပါတယ်။

အထူးသဖြင့် သံတောင်ကြီးမြို့ပေါ်နဲ့ အနီးတဝိုက် တောင်ပေါ်ကျေးရွာတွေမှာ မြေပြိုမှုဒဏ်ကြောင့် လူနေအိမ်တွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး ကျေးရွာလမ်းတွေများစွာ ပျက်စီးသွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲလျက်ရှိသလို တောင်ငူ-သံတောင်ကြီးလမ်းပိုင်းပေါ်မှာလည်း မြေပြိုတာကြောင့် လမ်းပိတ်မှုဖြစ်ပေါ်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတွေဆီကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.