“လုံခြုံရေးကတော့ နိုင်ငံရေးပါတီ သေးသေးလေးက ဘယ်လိုမှ စိတ်မချရတဲ့ အခြေအနေပါပဲလေ။ ဘာကိုမှလည်း အစိုးမရနိုင်တော့ ကိုယ့်လုံခြုံရေး ကိုယ့်တာဝန်ပဲ ဖြစ်နေသေးတာပေါ့” – မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦး
စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ကြေညာထားတဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေကို ဇူလိုင် ၃၁ ရက်မှာ ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေးကနေ ရုတ်သိမ်းလိုက်ပါတယ်။ နယ်မြေတည်ငြိမ်ဖို့နဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ပါတယ်။
ကာလုံအစည်းအဝေး မကျင်းပမီ ရက်ပိုင်းလောက်အလိုမှာလည်း စစ်ကောင်စီက လွှတ်တော်ဆိုင်ရာ ဥပဒေတွေပြင်ဆင်တာ၊ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေ ပြဌာန်းမှုတွေ လုပ်ဆောင်ခဲ့တာပါ။
အဲဒီလိုမျိုး စစ်ကောင်စီဘက်က ရွေးကောက်ပွဲအတွက် တင်ကြို ပြင်ဆင်လာတဲ့အခြေအနေ အကျိုးဆက်က ဘယ်လို ဆက်ရှိနိုင်ပါသလဲ။ ကရင်ပြည်နယ်မှာ ဝင်ပြိုင်ဖို့ ပြင်ထားတဲ့ မွန်တိုးတက်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲအခင်းအကျင်းနဲ့ ပတ်သက်လို့ ပြင်ဆင်မှုတွေအကြောင်း ပါတီ ခေါင်းဆောင်တစ်ဦးနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။
မေး – ကာလုံကနေ ဖြစ်ပေါ်လာနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းက ဘယ်လို ရှိနိုင်မလဲ ဆရာ။
ဖြေ – ဥပဒေအရတော့ ကာလုံကို လွှဲရမှာပေါ့နော်။ မလွှဲဘဲနဲ့ ဒီအတိုင်းပဲ သွားလို့ရတယ်မြင်တာပေါ့။ ဘာဖြစ်လဲဆိုတော့ ၂၀၁၅ ဦးသိန်းစိန်က အာဏာမလွှဲဘဲ ဒီအတိုင်းပဲ သွားလိုက်တယ်လေ။ ၂၀၂၀ လည်း ဒီအတိုင်းပဲ သွားလိုက်တယ်။ ဒီကာလုံကို လွှဲခြင်း မလွှဲခြင်းက ကျွန်တော်တို့ အမြင်က အဓိက မကျဘူးပေါ့။ တချို့ကတော့ ကာလုံကိုလွှဲမယ် ကာလုံကနေ ကြားဖြတ်အစိုးရ ဖွဲ့မယ်ဘာညာပေါ့။ အဲဒီလိုမျိုး ကျွန်တော်တော့ မမြင်ဘူး၊ ဒီအတိုင်းပဲ သွားလိမ့်မယ်ထင်တယ်။
မေး – စစ်ကောင်စီကို သက်တမ်း ၆ လ ထပ်တိုးပြီး ရွေးကောက်ပွဲကျင်းပမယ်လို့ ဆိုလိုတာလား ဆရာ။
ဖြေ – အဲဒီလိုအခြေအနေမဟုတ်ဘဲ ဒီလူ ဒီလူပဲ ခေါင်းစီး ပြောင်းပြီး ရွေးကောက်ပွဲကိုပဲ သီးသန့်လုပ်မယ်ဆိုရင် ကာလုံရဲ့ တာဝန်ပေးမှု ဘာညာ အဲဒီလိုသွားရင်တော့ ပိုပြီး ကြည့်ကောင်းတာပေါ့။ သိတဲ့အတိုင်းပဲ မှန်းလို့မှမရတာ။ ရွေးကောက်ပွဲကတော့ သေချာပေါက် လုပ်ရမယ်လေ။ မလုပ်ဘဲ ဒီအတိုင်း ၆ လ ၆ လ သွားမယ်ဆိုရင်လည်း အဆင်ကပြေမနေတော့ဘူးလေ။ နိုင်ငံတကာ ဖိအားတွေကလည်း လာတော့မှာပေါ့။ သူက သေချာပေါက်လုပ်ရတော့မယ်လေ။ မဖြစ်မနေလုပ်ကို လုပ်ရတော့မယ်။
မေး – ကာလုံခေါ်မယ့်အချိန် နီးကပ်လာချိန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေတွေ ရွေးကောက်ပွဲကို ကာကွယ်မယ့် ဥပဒေကို ထုတ်ပြန်လာတာ ရွေးကောက်ပွဲ မဖြစ်မနေကျင်းပမယ့် အဓိပ္ပါယ်လား။ ရွေးကောက်ပွဲကို နှောင့်ယှက်မယ့်သူတွေအပေါ် သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေထုတ်တဲ့အပေါ် ဆရာတို့ ပါတီအနေနဲ့ ဘယ်လို မြင်ပါသလဲ။
ဖြေ – ဒါကတော့ ပြောရခက်ပါတယ်။ နိုင်ငံတကာမှာလည်း မရှိနေဘူး။မြန်မာပြည် နိုင်ငံရေး အနေအထားကလည်း အဲဒီလိုလေး ထုတ်ထားမှ အဆင်ပြေနေမယ့် သဘောရှိမယ်ထင်တယ်။ လုံခြုံရေးကတော့ နိုင်ငံရေးပါတီ သေးသေးလေးက ဘယ်လိုမှ စိတ်မချရတဲ့ အခြေအနေပါပဲလေ။ ဘာကိုမှလည်း အစိုးမရနိုင်တော့ ကိုယ့်လုံခြုံရေး ကိုယ့်တာဝန်ပဲ ဖြစ်နေသေးတာပေါ့။
မေး – လွှတ်တော်နဲ့ဆိုင်တဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်ပြီဆိုတော့ ဆရာတို့ ပါတီအနေနဲ့ ဘယ်နှနေရာလောက်မှာ ဝင်ပြိုင်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ – လာမယ့်ဩဂုတ်လ ပြီးမှပေါ့။ အစည်းအဝေးထိုင်ပြီးမှပဲ အတိအကျပြောလို့ရမယ်။ ဩဂုတ်လပြီးမှပဲ ရသလောက်ပဲ ဗဟိုအလုပ်အမှုဆောင် သဘောထားတွေ စိစစ်ပြီး အခြေအနေနဲ့ကိုက်ညီပြီး ဆုံးဖြတ်ရမှာပေါ့။ နောက်တစ်ပတ်လောက်ဆို အဆင်သင့်ဖြစ်ပြီလို့ ယူဆရမယ်။
မေး – လွှတ်တော်နဲ့ဆိုင်တဲ့ ဥပဒေပြင်ဆင်ချက်တွေနဲ့ ပတ်သက်လို့ ဆရာ ဘာပြောချင်ပါသလဲ။
ဖြေ – အရင်ကလည်း ပညာရေးကို ၂၀၀၈ အခြေခံဥပဒေ၊ ၂၀၁၀ တုန်းက ပညာအရည်အချင်းကို မသတ်မှတ်ခဲ့ခြင်း မရှိဘူး။ နောက်ပိုင်းကျတော့လည်း ပြင်ဆင်သတ်မှတ်တယ်။ ကောင်းဖို့ဖြစ်လာတဲ့သဘောပေါ့။ ကျန်တဲ့ ဥပဒေတွေလည်း မတွေးနွေးရသေးဘူး။ ဆွေးနွေးပြီးမှပဲ ပြောရမှာပေါ့။ ကျွန်တော်လည်း အဆင်သင့်မဖြစ်သေးဘူး။
မေး – အခုလို စစ်ကောင်စီရဲ့ ပြင်ဆင်မှုတွေနဲ့ပတ်သက်လို့ တခြား မှတ်ချက်ပြုချင်တာ ရှိဦးမလား ဆရာ။
ဖြေ – ရွေးကောက်ပွဲဖြစ်မယ်ဆိုရင် ကျွန်တော်တို့လည်း ပါတီထောင်ထားတော့ အနည်းနဲ့အများတော့ ပါဝင်ယှဉ်ပြိုင်ရမှာပေါ့။ တိုင်းရင်းသားပါတီအနေနဲ့ ဝင်တော့ပြိုင်ရမှာပေါ့လေ။ အများကြီးမဟုတ်တောင်မှပဲ နည်းနည်းပါးပါးပေါ့။ ပြိုင်ရင်လည်း အခွင့်သာတယ် ဒီနေရာမှာ ရုန်းရမယ်ဆိုရင် နေရာအပြည့်ဝင်ပြိုင်မယ်ပေါ့။
သံလွင်တိုင်းမ်