ခမ်ချက်ကာ၊ ဇူလိုင် ၃၀

ရုရှား အရှေ့ဖက်စွန်း ကမ်ချက်ကာကျွန်းဆွယ်အလွန်မှာ မဂ္ဂနီကျု ၈ ဒသမ ၈ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပစိဖိတ်သမုဒ္ဒရာ တဝန်း ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ပြီး ဂျပန်၊ ဟာဝိုင်ယီနဲ့ အမေရိကန် အနောက်ဖက် ကမ်းရိုးတန်းဒေသ တချို့မှာ ဘေးကင်းရာသို့ ပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့ရပါတယ်။

ဂျပန်မြောက်ပိုင်း ဟော်ကိုင်းဒိုးကျွန်းမှာ ၁၂ လက်မမြင့်တဲ့ လှိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး ကမ်ချက်ကာမှာတော့ ၁၀ ပေကနေ ၁၃ ပေအထိ မြင့်တဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဆူနာမီ သတိပေးချက်တွေကို သတိထားကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အကြံပေးထားပြီး ဟာဝိုင်ယီအုပ်ချုပ်ရေးမှူး ဂျော့ချ် ဂရင်းက ပြည်သူတွေအနေနဲ့ ဘေးကင်းရာ ပြောင်းရွှေ့ရေး ညွှန်ကြားချက်တွေကို လိုက်နာကြဖို့နဲ့ စိတ်အေးအေးထားကြဖို့ တိုက်တွန်းထားပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် ကမ်ချက်ကာမှာ ဒဏ်ရာရသူ အများအပြားရှိပြီး နောက်ဆက်တွဲ ငလျင်လှိုင်းတွေ လှုပ်ခတ်မယ်လို့ မျှော်လင့်ရကြောင်း ရုရှားသတင်းဌာန TASS က ဖော်ပြထားပါတယ်။

တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဂူအမ်၊ ပီရူးနဲ့ အီကွေဒေါ အလွန် ဂါလာပါဂို့စ်ကျွန်းတို့မှာ အဆင့်အမျိုးမျိုး ရှိတဲ့ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

တိုကျိုကနေ ဟာဝိုင်ယီအထိ၊ ကယ်လီဖိုးနီးယားကနေ နယူးဇီလန် အထိ ဆူနာမီလှိုင်းလုံးကြီးတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ခဲ့ကြပြီး လူသန်းပေါင်းများစွာကို သတိပေးခဲ့ရပါတယ်။

ဇူလိုင် ၃၀ ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၂၅ မိနစ်မှာ ငလျင်လှုပ်ခတ်မှုကြောင့် အသေးစား ထိခိုက်ဒဏ်ရာရသူ အများအပြားရှိပြီး ကျယ်ပြန်တဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဂျပန်က လူပေါင်း ၁ ဒသမ ၉ သန်းကို ဘေးကင်းရာ ပြောင်းရွှေ့ခဲ့ပြီး ဆူနာမီလှိုင်းတွေဟာ ၂၄ နာရီ ကျော်တဲ့အထိ ဖြစ်လာနိုင်သေးတယ်လို့ သတိပေးထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.