လန်ဒန်၊ ဇူလိုင် ၃၀

အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဆိုးရွားတဲ့ အခြေအနေ အဆုံးသတ်ရေး ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ မလုပ်ဆောင်ဘူးဆိုရင် ဗြိတိန်က ပါလက်စတိုင်းကို စက်တင်ဘာလအတွင်း နိုင်ငံအဖြစ် အသိအမှတ်ပြုသွားမယ်လို့ ဝန်ကြီးချုပ် ကီယာ စတာမာက ပြောကြား လိုက်ပါတယ်။

နှစ်ပြည်ထောင် ဖြေရှင်းချက် ဆောင်ကျဉ်းပေးမယ့် ရေရှည် ထိရောက်တဲ့ ငြိမ်းချမ်းရေးအတွက် ကတိပေးတာ၊ အပစ်အခတ်ရပ်စဲရေး သဘောတူတာနဲ့ ကုလသမဂ္ဂရဲ့ အကူအညီပေးမှု ပြန်စတင်ခွင့်ပေးရေး အပါအဝင် အစ္စရေးအနေနဲ့ တခြား သတ်မှတ်ချက်တွေလည်း ပြည့်မီအောင် လုပ်ရမှာ ဖြစ်ပြီး မလုပ်ရင် စက်တင်ဘာလအတွင်း ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဗြိတိန်အနေနဲ့ နိုင်ငံအသိအမှတ်အပြုတာ လုပ်ရလိမ့်မယ်လို့ ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။

ဒီလုပ်ရပ်ဟာ ဟားမာ့စ်အဖွဲ့ရဲ့ အကြမ်းဖက် ဝါဒ မကောင်းဆိုးဝါးကြီးကို ဆုချီးမြှင့်တာ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ပြောပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ သက်ရောက်မှု အများဆုံး ရှိနိုင်တဲ့ အချိန်မှာပဲ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ်လို့ ဗြိတိန်အစိုးရက အရင်က ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့ အလျင်အမြန် ဆောင်ရွက်ပေးဖို့ ဝန်ကြီးချုပ်ကို သူ့ရဲ့ လွှတ်တော် အမတ်တွေ အပါအဝင် အရာရှိတွေက ဖိအားတွေ ပေးနေကြပါတယ်။

ပါလက်စတိုင်းကို စက်တင်ဘာလအတွင်း နိုင်ငံအဖြစ် အသိအမှတ်ပြုမှာ ဖြစ်ကြောင်း ပြင်သစ်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 အဖွဲ့ထဲက ပြင်သစ်က ပထမဆုံး အဲဒီလို ကြေညာတာ ဖြစ်ပါတယ်။

ဝန်ကြီးများအဖွဲ့ အရေးပေါ် အစည်းအဝေး ကျင်းပပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ကီယာ စတာမာက ဂါဇာမှာ သည်းမခံနိုင်တဲ့ အခြေအနေတွေ ဖြစ်ပွားနေတာကြောင့် အဲဒီ အစီအစဉ်ကို အခု ကြေညာလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

နှစ်ပြည်ထောင် ဖြေရှင်းချက် ရရှိနိုင်ခြေ လျော့ပါးလာနေတဲ့အတွက်လည်း စိုးရိမ်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

လက်ရှိ အစ္စရေးအစိုးရက နှစ်ပြည်ထောင် ဖြေရှင်းရေး တိုးတက်အောင် လုပ်ဆောင်ဖို့ ငြင်းဆန်နေတာကြောင့် အခုလို သတ်မှတ်ချက်တွေ ပြည့်မီအောင် လုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။

ဟားမာ့စ်အနေနဲ့လည်း လက်ကျန် ဓားစာခံတွေကို လွှတ်ပေးရမှာ ဖြစ်ပြီး လက်နက်ဖြုတ်သိမ်းရမှာ ဖြစ်သလို ဂါဇာအစိုးရအဖွဲ့မှာ ပါဝင်လို့ မရဘူးလို့ ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။

ပဋိပက္ခအတွက် ရေရှည် ဖြေရှင်းချက် ထွက်ပေါ်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ်လို့ အမေရိကန်နဲ့အတူ ဥရောပနိုင်ငံအများက ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.