ဂျကာတာ၊ ဇူလိုင် ၃၀

သမ္မတ ပရာဘိုဝိုနဲ့ ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်တို့ ဇူလိုင် ၂၉ရက်က တွေ့ဆုံပြီးနောက် ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ အရှိန်လျှော့ချရေး တွန်းအားပေးဖို့ မလေးရှားနဲ့ တက်တက်ကြွကြွ ဆက်သွယ်နေတယ်လို့ အင်ဒိုနီးရှား သမ္မတနန်းတော်က ပြောလိုက်ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားကြား အပစ်အခတ်ရပ်စဲရေး အာဆီယံ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါက ကြားဝင် ညှိနှိုင်းပေးခဲ့ပြီးနောက် တစ်ရက်မှာ နှစ်စဉ် တိုင်ပင် ဆွေးနွေးရေးအတွက် သူ့ကို အင်ဒိုနီးရှား သမ္မတ ပရာဘိုဝိုက လက်ခံ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါနဲ့ နှစ်နိုင်ငံစလုံးမှာ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ၂၀၁၇ ခုနှစ်ကတည်းက မကျင်းပ ဖြစ်ခဲ့တဲ့ နှစ်စဉ် တိုင်ပင် ဆွေးနွေးမှုဟာ သူတို့နှစ်နိုင်ငံကြား မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်ရေး နှစ်နိုင်ငံဆိုင်ရာ အဆင့်မြင့် ယန္တယား ဖြစ်ပါတယ်။

ဒေသဆိုင်ရာ ပဋိပက္ခတွေမှာ အောင်မြင်စွာ ကြားဝင် ဖြေရှင်းပေးနိုင်တဲ့ ဝန်ကြီးချုပ် အန်ဝါရဲ့ ခေါင်းဆောင်မှုကို သမ္မတ ပရာဘိုဝိုက ချီးကျူးပါတယ်။

ဒေသဆိုင်ရာ တည်ငြိမ်မှုကို ထိန်းသိမ်းရာမှာ အာဆီယံဥက္ကဋ္ဌ မလေးရှားရဲ့ အခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံတယ်လို့ အင်ဒိုနီးရှား သမ္မတက ပြောပါတယ်။

မိမိတို့အနေနဲ့ ဘယ်နေရာကပဲ ဖြစ်ဖြစ် ဘယ်လိုမျိုးပဲ ဖြစ်ဖြစ် ကူညီဖို့ အသင့်ရှိတယ်လို့ သူက ပြောပါတယ်။

ဒေသဆိုင်ရာ လုံခြုံရေးကို ထိန်းသိမ်းရာမှာ အာဆီယံအဖွဲ့ဝင်တွေကြား ပူးပေါင်းဆောင်ရွက်မှု အရေးကြီးတယ်လို့ အန်ဝါက ပြောပါတယ်။

ဒေသဆိုင်ရာ လုံခြုံရေးကို စောင့်ကြည့်ရာမှာ အထူးသဖြင့် မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဘရူနိုင်းနဲ့ဖိလစ်ပိုင် စတဲ့ အာဆီယံနိုင်ငံတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စောင့်ကြည့်ဖို့ တာဝန်ယူရလိမ့်မယ်လို့လည်း အန်ဝါက ပြောပါတယ်။

၁၃ ကြိမ်မြောက် နှစ်ပတ်လည် တိုင်ပင်ဆွေးနွေးမှုဟာ အန်ဝါနဲ့ ပရာဘိုဝိုတို့ကြား ပထမဆုံး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.