မိုးကုတ်၊ ဇူလိုင် ၂၉
မန္တလေးတိုင်း မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် အရပ်သား လေးဦးသေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ ဇူလိုင် ၂၉ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့ရှိ ရပ်ကွက် သုံးခုကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး သုံးလုံး၊ ပေါင် ၂၅၀ ဗုံး နှစ်လုံး ၊ စုစုပေါင်း ဗုံး ငါးလုံး လာရောက်ကြဲချသွားခဲ့တာပါ။
စစ်တပ်ဗုံးကြဲမှုကြောင့် မင်းတံတားရပ်ကွက်၊ ရွှေဘုန်သာရပ်ကွက်နဲ့ BOC ကားကြီးကွင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁၈ လုံးလည်း ထိမှန်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အခုလအတွင်း မိုးကုတ်မြို့ကို လေကြောင်းကနေ ဗုံးကြဲမှု လေးကြိမ် ပြုလုပ်ခဲ့တဲ့အတွက် အရပ်သား ခြောက်ဦးသေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ TNLA က သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA