ဘီးလင်း၊ ဇူလိုင် ၂၉
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်မြင့်တက်လာတာကြောင့် ရေဘေးသင့်သူ သုံးသောင်းကျော်အထိ တိုးလာတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
မိုးဇလရဲ့ ဇူလိုင် ၂၉ ရက်နေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် ၁၀၂၂ စင်တီမီတာကနေ ၁၀၆၉ စင်တီမီတာအထိ ကျော်လွန်မြင့်တက်လာတဲ့အတွက် ကျေးရွာ၊ ရပ်ကွက်ပေါင်း ၄၀ ထက်မနည်း ရေနစ်မြှုပ်နေတာပါ။
ရေကြီးမှုကြောင့် ဘီးလင်းမြို့ပေါ်နဲ့ ကျေးရွာတွေမှာ ယာယီကယ်ဆယ်ရေးစခန်း ၃၂ ခု ဖွင့်လှစ်ထားရပြီး လာရောက်ခိုလှုံနေတဲ့ ရေဘေးသင့်သူ ၅၀၀၀ ကျော်အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်းနေထိုင်သူတွေအပါအဝင် ကျေးရွာတွေအတွင်း ကျန်ရစ်နေသူတွေဟာ သောက်ရေအပါအဝင် အစားအသောက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ဘီးလင်းမြစ်ထပ်တိုးလာတာကြောင့် ရန်ကုန်- မော်လမြိုင်ကားလမ်း ရေကျော်မှုတွေ ဖြစ်ပွားနေတဲ့အတွက် ခရီးသွားကားတွေ သတိထားသွားလာနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Nai Zaw Bo