ကော့ကရိတ်၊ ဇူလိုင် ၂၆
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုမှာ စစ်ရှောင်ပြည်သူ တစ်ဦး ရေစီးနဲ့မျောပါ သေဆုံးသွားတယ်လို့ ဒေသတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ရေကြီးရေလျှံမှုကြောင့် ကော့ကရိတ်မြို့ကနေ နဘူးကျေးနယ် နောင်တပွဲကျေးရွာဘက်ကို စစ်ဘေးရှောင်နေတဲ့ အမျိုးသားတစ်ဦးဟာ ဇူလိုင် ၂၄ ရက်နေ့က ရေကျော်နေတဲ့ နောင်တပွဲ-နဘူးလမ်းမကြီးပေါ် ဆိုင်ကယ်နဲ့ ဖြတ်သွားခဲ့ရာ ရေစီးထဲမျောပါသွားပြီး ရေနစ်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ကရင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုဘေးနဲ့ လေပြင်းဘေးအန္တရာယ်တွေကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရတာ၊ နေအိမ်တွေလည်း ပျက်စီးတာ၊ လူဦးရေထောင်ချီ ယာယီရေဘေးသင့်ကယ်ဆယ်ရေးစခန်းဆီ ရောက်ရှိခိုလှုံနေရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဝီဖာမုန်တိုင်းရဲ့အရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျရေတွေစီးဆင်းလာတာ၊ လေပြင်းတိုက်ခတ်တာတွေကြောင့် ဇူလိုင် ၂၃ ရက်နေ့ကစပြီး ကရင်ပြည်နယ် မြဝတီမြို့၊ ကျိုက်ဒုံမြို့နဲ့ ကော့ကရိတ်မြို့နယ်ထဲမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေခဲ့ပြီး ရေကြီးမှုကြောင့် နယ်စပ် မြဝတီမြို့က ရေဘေးကယ်ဆယ်ရေးစခန်း ၈ ခုမှာ လူဦးရေ ၃၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းဆီ ရောက်ရှိခိုလှုံနေရပါတယ်။
ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့တဲ့ မြဝတီမြို့မှာ သောင်ရင်းမြစ်ရေဟာ ဇူလိုင် ၂၅ ရက်နေ့မှာ ရေပြန်လည်ကျဆင်းသွားခဲ့ပေမယ့် မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ဆက်လက်တည်ရှိနေဆဲဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိပြုကြဖို့လည်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
မြဝတီမြို့ပေါ်မှာ ရေပြန်လည်ကျဆင်းသွားခဲ့တာကြောင့် ဇူလိုင် ၂၅ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံတွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သန့်ရှင်းရေးလုပ်ဆောင်တာတွေရှိနေတယ်လို့ သိရပါတယ်။
ရေကြီးရေလျှံမှုကာလအတွင်း လေပြင်းတိုက်ခတ်ခဲ့ပြီး သစ်ပင်ပြိုလှဲသွားခဲ့တာကြောင့် မြဝတီမြို့ပေါ်မှာ နေအိမ်တစ်လုံး ပျက်စီးသွားခဲ့ပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
လက်ရှိမှာလည်း သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိလာနေတဲ့အတွက် မြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ သံလွင်မြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေမှာ ရေတွေဝင်ရောက်လာနေပြီး ဒေသခံတချို့ ရွှေ့ပြောင်းရတာရှိသလို စာသင်ကျောင်းတွေလည်း ပိတ်ထားခဲ့ရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ