သပိတ်ကျင်း ၊ ဇူလိုင် ၂၅
အာဏာသိမ်းမှု လေးနှစ်ကျော် ငါးနှစ်ထဲ ဝင်လာချိန်မှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးတိုက်ပွဲအတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ တစ်နိုင်ငံလုံးဆိုင်ရာ စစ်ရေးတပ်ပေါင်းစု ဖွဲ့ဖို့ အရေးတကြီး လိုအပ်နေပြီလို့ လေ့လာသူတွေက ပြောဆိုနေကြပါတယ်။
မတူညီတဲ့ ဒေသအသီးသီးရဲ့ မြေပြင်အခြေအနေပေါ် မူတည်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ စစ်အာဏာရှင်စနစ်ကို အင်အားချိနဲ့အောင် တိုက်ခိုက်ခဲ့ကြပေမယ့် တစ်နိုင်ငံလုံးချီတဲ့ အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ မဟာမိတ် တပ်ပေါင်းစုကိုတော့ အခုချိန်အထိ မစုဖွဲ့နိုင်သေးပါဘူး။
ဒီအတွက်ကြောင့် စစ်အာဏာရှင်စနစ် လက်နက်ကိုင်တော်လှန်ရေးနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးအတွင်း နိုင်ငံတဝန်းရှိ မြို့ပေါင်း ၉၀ ကျော်ကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုချိန်မှာ မြို့ တချို့ကို တစထက်တစ လက်လွှတ်နေရပါပြီ။
ရှမ်း-ကယားနယ်စပ်က ကရင်နီတပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့အပါအဝင် ရှမ်းမြောက်က တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နဲ့ မန္တလေးတိုင်းက သပိတ်ကျင်းမြို့တို့ကို ဇူလိုင် ပထမပတ်ကနေ စတုတ္တပတ်အတွင်း စစ်ကောင်စီက ပြန်လည်ရရှိခဲ့တာပါ။
ဒေါင်းမင်းစစ်ကြောင်းပြောခွင့်ရ ကိုမင်းသွေးသစ်က တော်လှန်ရေးအောင်နိုင်ရေးအတွက် အရေးကြီးနေတဲ့ ကာလမှာ တော်လှန်ရေးဟာ ရေစုန်မျောမသွားဖို့ စစ်ရေးတပ်ပေါင်းစု မဖြစ်မနေ ဖွဲ့ဖို့ လိုတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိက ကျွန်တော်တို့ ပြင်ဆင်ရမှာ တစ်ခုတည်း ဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံရေးတပ်ပေါင်းစု စစ်ရေးတပ်ပေါင်းစု ဖြစ်ပါတယ်။ကျွန်တော်တို့ ဒီအချိန်မှာ အထူးလိုအပ်နေပြီ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ တော်လှန်ရေးတစ်ခုလုံးရဲ့ အောင်နိုင်ရေးအတွက် အရေးကြီးနေတဲ့ကာလမှာ ဒါကိုမှ မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ တော်လှန်ရေးဟာ ရေစုန်မျောသွားမယ့် အခြေအနေမျိုး ဖြစ်လာနိုင်ခြေရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီအချိန်မှာတော့ နိုင်ငံရေးတပ်ပေါင်းစု စစ်ရေးတပ်ပေါင်းစုကို မဖြစ်မနေ ဖွဲ့ဖို့ လိုတယ်”လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတချို့ကို ပြန်ကြည့်ရင် နောင်ချိုနဲ့ သပိတ်ကျင်းမြို့ တို့ဟာ တအာင်းတပ် TNLA အပါအဝင် မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ အတူတကွ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာပါ။
စစ်ကောင်စီဘက်က နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်မှုမှာတော့ TNLA က ခံစစ်အနေအထားဖြစ်ခဲ့တဲ့အပေါ် သတင်းစာရှင်းလင်းပွဲကနေ အခြားတော်လှန်ရေးအဖွဲ့တွေကို အကူအညီတောင်းခံခဲ့သေးတာပါ။
ဒါပေမယ့်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပေါ်ပေါက်လာကြတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြန့်ကျဲနေသလို ရှိနှင့်ပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒေသတွင်းအခြေအနေအရ လှုပ်ရှားကြရတာ ဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ တိုက်စစ်ကို ဟန်ချက်ညီညီ ဟန့်တားနိုင်ခြင်း မရှိခဲ့ပါဘူး။
တစ်ဘက်မှာ ဒီနှစ်ကုန်ပိုင်းအတွင်း စစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပဖို့ ငါးလလောက်သာ ကျန်ရှိတော့တဲ့အချိန်မှာ မဲဆန္ဒနယ်မြေတွေ ပိုမိုရရှိနိုင်ရေး စွန့်လွှတ်နယ်မြေ တချို့ကို အင်အားအလုံးအရင်းနဲ့ တိုက်စစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တပ်အလိုက် တာဝန်ယူထားတဲ့ နယ်မြေအတွင်း စစ်ဆင်ရေး၊လုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်ဖို့ မေ ၂၄ ရက်နေ့မှာ ညွန်ကြားခဲ့သေးတာပါ။
ဒီအတွက် စစ်ကောင်စီက ဇူလိုင်လအတွင်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတချို့ကို မြေပြင်၊ဝေဟင်၊ရေပြင် ပေါင်းစပ်အားနဲ့ ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်ပြီး မြို့သုံးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက အာာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ပေါင်းလုပ်ရမယ်ဆိုတာ သိပေမယ့် ဒေသတစ်ခုချင်းစီရဲ့ အခြေအနေပေါ် မူတည်ပြီး အဟန့်အတားတွေ အများကြီးရှိနေသေးတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အားလုံးကတော့ အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် စဉ်းစားချက်တွေ ရှိကြတယ်၊ ပေါင်းလုပ်မယ်ဆိုတာလည်း သိတယ်။ ဒါပေမယ့် ဒေသန္တရနဲ့ ဒေသတစ်ခုချင်းစီရဲ့ အခြေအနေပေါ် မူတည်ပြီးတော့မှ အခက်အခဲ အဟန့်အတားတွေက ရှိတာကတော့ ဧကန်မုချ ကျွန်တော်တို့ တွေ့နေရတာပေါ့။ အဲဒါကြောင့်မို့ နှုတ်အားဖြင့် ပြောရင် လွယ်သလောက် တကယ့်လက်တွေ့က လုပ်ငန်းပိုင်းဆိုင်ရာမှာ အရမ်းခက်ခဲပါတယ်။ နောက်အခြားတစ်ဘက်မှာ လူမှုစီးပွားရေး ငွေကြေးကလည်း ဒေတစ်ခုနဲ့တစ်ခု အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြား မတူညီတဲ့အပေါ် ကျွန်တော်တို့မှာ အခက်အခဲအဟန့်အတားတွေ အများကြီးရှိနေသေးတာ အမှန်ပါပဲ ခင်ဗျ” လို့ ဆိုပါတယ်။
ပူပူနွေးနွေး စစ်ကောင်စီ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တဲ့ မန္တလေးတိုင်းက သပိတ်ကျင်းမြို့ဟာ ကုန်းလမ်းနဲ့ဆို မိုးကုတ်မြို့နဲ့ မိုင် ၄၀ ခန့် ကွာဝေးပြီး မိုးမိတ်၊ ဗန်းမော်၊ မြစ်ကြီးနား စတဲ့ ကချင်ဘက်ကိုဖြစ်စေ ကျောက်မဲ၊ သီပေါ စတဲ့ ရှမ်းမြောက်ဘက်ကိုလည်း သွားလာနိုင်တဲ့ မြို့ဖြစ်ပါတယ်။
ဒီလိုမျိုး အချက်အချာကျတဲ့ မြို့ ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၁၈ ရက်နေ့မှာ တအာင်းတပ် TNLA အပါအဝင် မန္တလေး PDF နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပေမယ့် တစ်နှစ်လောက်အကြာမှာတော့ စစ်ကောင်စီက ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ သပိတ်ကျင်းမြို့ကို လေကြောင်းပစ်ကူအချို့နဲ့ ရေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့အတူ မြေပြင်၊ ဝေဟင်၊ ရေပြင် ဟန်ချက်ညီပေါင်းစပ်ပြီး တန်ပြန်တိုက်စစ်တွေ တစ်ဆင့်ပြီးတစ်ဆင့် ခြေကုပ်ယူ တိုက်ခိုက်ခဲ့တာပါ။
စစ်ဆင်ရေးကာလ ၁၁ လအတွင်း တိုက်ပွဲကြီးနဲ့ ထိတွေ့မှုပေါင်း ၆၂ ကြိမ် ဖြစ်ပွားခဲ့ရာ ဇွန် ၃၀ ရက်နေ့ကနေ ဇူလိုင် တတိယပတ်အတွင်း သပိတ်ကျင်းမြို့နယ်အတွင်းက ကျေးရွာတွေကို ဝင်ရောက်နိုင်ခဲ့ပြီး ဇူလိုင် ၂၃ ရက်နေ့မှာတော့ အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက စစ်ဘက်နည်းပညာအပါအဝင် ဘက်ပေါင်းစုံက ပစ်ကူတွေနဲ့ ဟန်ချက်ညီတဲ့ စုဖွဲ့မှုပုံစံကြောင့် စစ်ကောင်စီက အခုလို လုပ်ဆောင်လာနိုင်တာလို့ သုံးသပ်ပါတယ်။
“ခြေလျင်တိုက်ခိုက်ရေးအင်အားစုတွေ လက်နက်ကြီးပစ်ကူတွေ လေကြောင်းပစ်ကူ အင်အားစုတွေကြားထဲမှာ ဟန်ချက်ညီတဲ့ ချိတ်ဆက်စုဖွဲ့မှုပုံစံကို ပြောင်းလဲလာနိုင်တယ်။ စစ်ဘက်နည်းပညာလိုအပ်ချက်ကိုလည်း ပြန်ပြီး ကုစားလာတယ်။ အခုဆို ခေတ်မီဒရုန်းတွေ တော်လှန်ရေးအင်အားစုတွေကို ကာဗာပေးနိုင်တဲ့ ဒရုန်း Guard တွေ အများကြီး ပြောင်းလဲလုပ်ဆောင်လာနိုင်ပြီ။ အလားတူ သူ့ရဲ့ ခိုင်မာတဲ့ အက်စတီကျူရှင်းကို ဆက်လက်ပြသနိုင်တဲ့အတွက် တရုတ်က စစ်ကောင်စီဘက်မှာ အများကြီး အထောက်အကူပြု ဆက်လက်ပံ့ပိုးပေးတဲ့အခါ စစ်ကောင်စီက ဒီနေ့အခြေအနေအထိ ပြန်လည်ပြောင်းလဲပြင်ဆင်လုပ်ဆောင်လာခဲ့တယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ လားရှိုးမြို့ကို တရုတ်ဖိအားပေးမှုကြောင့် ကိုးကန့်တပ် MNDAA ကနေ လွှဲပြောင်းရရှိထားသလို တိုက်စစ်ဆင်မှုကြောင့် မြို့သုံးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်မှုအပေါ် ကျန်နယ်မြေတွေကိုလည်း ချဲ့ထွင်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
လက်ရှိမှာလည်း နိုင်ငံရေးစစ်ရေးအရ အရေးကြီးပြီး အချက်အချာကျတဲ့ အထူးသဖြင့် ကချင်က မိုးကောင်းနဲ့ ဖားကန့်အပါအဝင် ရခိုင်က ကျောက်ဖြူ၊ မကွေးက နတ်ရေကန်၊ ကရင်က ကော့ကရိတ်နဲ့ မန္တလေးက မတ္တရာမြို့တွေကို စစ်ကောင်စီက တိုက်စစ်ဆင်နေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်ရေးမဟာဗျူဟာအရ တစ်နိုင်ငံလုံး အထွေထွေထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲဖို့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြင်ဆင်နေတယ်လို့ မတ်လအတွင်း ပြောဆိုခဲ့ပေမယ့် အခုချိန်ထိတော့ အကောင်အထည်မဖော်နိုင်သေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ပကဖ နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ အထွေထွေထိုးစစ်ကြီးတစ်ရပ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲဖို့ သူက ပြောဆိုထားတာပါ။
စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေကြားမှာတော့ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ နိုင်ငံရေးစစ်ရေးအခင်းအကျင်းကို ဦးဆောင်ရာမှာ ပြုပြင်ပြောင်းလဲဖို့ အရေးတကြီး လိုအပ်နေပြီလို့ ဝေဖန်နေကြပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီကနေ့အချိန်အထိ တပ်ပေါင်းစုဖွဲ့ဖို့ မရေရာတဲ့အတွက် ဒီအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် စစ်အာဏာရှင်အဆုံးသတ်ရေးတိုက်ပွဲဟာ စိန်ခေါ်မှုတွေ ပိုတွေ့လာနိုင်တယ်လို့ ကိုနောင်ရိုးက သုံးသပ်ပါတယ်။
“တော်လှန်ရေးအင်အားစုတွေမှာ ဒီကနေ့အချိန်ထိလည်း တပ်ပေါင်းစုအဖြစ် စုဖွဲ့နိုင်တဲ့ အနေအထားရော အခြေအနေရော အခင်းအကျင်းရော ရှိမနေဘူး၊ အလားအလာလည်း အများကြီး မမျှော်လင့်နိုင်ဘူးလို့ပဲ ကျွန်တော်တို့ ပြောလို့ ရမယ်ထင်ပါတယ်။ ဒီအခြေအနေအတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ တော်လှန်ရေးအတွက်ရော ပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ စစ်အာဏာရှင်အဆုံးသတ်ရေး တော်လှန်ရေးတိုက်ပွဲကရော စိန်ခေါ်မှုတွေ အများကြီး အခက်အခဲတွေ အများကြီး ရှေ့လျှောက်မှာ ပိုပြီး တွေ့လာရလိမ့်မယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နည်းပေါင်းစုံနဲ့ လူငယ်လူရွယ်တွေကို တပ်သားအဖြစ် စုဆောင်းလိုက်တဲ့အခါ အင်အား ၇ သောင်းလောက် ရရှိလာသလို စစ်နည်းဗျူဟာနဲ့ နည်းပညာပိုင်းမှာလည်း ပြောင်းလဲနိုင်ခဲ့တယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။
ဒီအတွက်ကြောင့် အင်အားလိုအပ်ချက်အရ ဖြည့်တင်းထားတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေဟာ နိုင်ငံတဝန်းရှိ ရင်ဆိုင်နေရတဲ့ ရှေ့တန်းစစ်မျက်နှာတွေနဲ့ နောက်တန်းစခန်းတွေမှာ ခုခံစစ်အပါအဝင် တိုက်စစ်ဆင်မှုတွေအတွက် စစ်ကောင်စီက အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မဟာမိတ်တပ်ပေါင်းစုဖွဲ့ထားနိုင်ရင် စစ်ကောင်စီရဲ့ တပ်အရွေ့အပြောင်းတွေကို တပြေးညီ သိရှိနိုင်ပြီး နေရာဒေသအပေါ် မူတည်ကာ လှုပ်ရှားနိုင်မှာဖြစ်သလို အောင်နိုင်ရေးအတွက်လည်း အဓိက ကျတယ်လို့ လေ့လာသူတွေက အကြံပြုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ