လှိုင်းဘွဲ၊ ဇူလိုင်၂၂
စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် အသွင်ကူးပြောင်းဖွဲ့စည်းသွားမယ်လို့ BGF ခေါင်းဆောင်တွေက မြိုင်ကြီးငူအထူးဒေသမှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ အသိပေးပြောဆိုခဲ့တာပါ။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အေးလင်းမြတ်ရှင်ဓမ္မာရုံမှာ ဇူလိုင် ၂၀ ရက်နေ့က ကရင်ပြည်နယ် ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်ရေးနဲ့ စည်းလုံးညီညွတ်ရေးခေါင်းစဉ်နဲ့ BGF တပ်ဖွဲ့ရဲ့ထိပ်သီးခေါင်းဆောင်တွေ ပြည်နယ်အတွင်းက ကရင်ပါတီကိုယ်စားလှယ်တွေ ရဟန်းသံဃာတွေ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်မိရပ်ဖ စတဲ့ လူဦးရေ ၄၀၀ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
မြိုင်ကြီုးငူဒေသမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ကရင်နယ်ခြားစောင့်တပ် BGF က ကရင်အမျိုးသားတပ်မတော် KNA အဖြစ် အသွင်းကူးပြောင်းလဲသွားမှာနဲ့ ပတ်သက်ပြီး KNA ရဲ့ မူဝါဒလမ်းစဉ် ၇ ချက်ကို ပြောဆိုဆွေးနွေးသွားခဲ့တယ်လို့ ဆွေးနွေးပွဲမှာပါဝင်တက်ရောက်ခဲ့တဲ့သူတွေက ဆိုကြပါတယ်။
ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ စစ်ရေးချုပ်ဖြစ်တဲ့ ဗိုလ်မှူးချုပ်စောကြာအင်းကတော့ လက်ရှိ BGF တပ်ဖွဲ့ရဲ့ အင်အားဟာ အရင်ကထက် အများအပြားရှိလာနေပြီဖြစ်ပြီး BGF ကနေ ကရင်အမျိုးသားတပ်မတော် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းတဲ့အခါမှာ စစ်ဒေသ ၄ နယ်နဲ့ တပ်ရင်း စုစုပေါင်း ၆၀ ကျော် ပါဝင်ဖွဲ့စည်းထားတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ် BGF အပေါ် ပြည်သူလူထုတွေ အားကိုးအားထားလို့ရအောင် စည်းလုံးညီညွတ်ပြီး လက်တွဲပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပြီး ရည်မှန်းချက်ပန်းတိုင်ရောက်ရှိဖို့အတွက် အယောက်စီတိုင်း ပါဝင်ကူညီလုပ်ဆောင်ရမှာဖြစ်သလို ပြည်သူလူထုကလည်း ပါဝင်ကူညီပေးဖို့ လိုအပ်တယ်လို့ BGF က တိုက်တွန်းထားပါတယ်။
စစ်တပ်လက်အောက်ခံဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် ဇန်န ဝါရီလပိုင်းက စစ်တပ်ပေးအပ်တဲ့ လစာ ရိက္ခာပစ္စည်းစတာတွေကို မယူတော့ဘဲ စစ်တပ်လက်အောက် ခံကနေ နှုတ်ထွက်လိုက်ပြီး သီးခြားစီရပ်တည်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာ BGF က ကရင်ပြည်နယ်အတွင်းက ကျေးရွာတွေမှာ လူငယ်တွေကို အဓိကထားပြီး တပ်သားသစ်စုဆောင်းခေါ်ယူတာတွေ ပိုမိုလုပ်ဆောင်လာခဲ့တဲ့အတွက် BGF အဖွဲ့မှာ တပ်အင် အားအများအပြားရှိလာခဲ့ပြီး တပ်သားသစ်တွေကိုလည်း BGF က စစ်ပညာသင်တန်းတွေ ပေးနေတာဖြစ်ပါတယ်။
စစ်တပ်လက်အောက်ခံအဖြစ်ကနေ နှုတ်ထွက်သွားခဲ့တဲ့ BGF တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ စောချစ်သူနဲ့ သူ့ရဲ့ သားသမီးတွေပိုင်ဆိုင်တဲ့ ကုမ္ပဏီကို ပြီးခဲ့တဲ့ ဇွန်လပိုင်းက စစ်ကောင်စီက အမည်မည်းစာရင်ကြေညာခဲ့သလို စောချစ်သူကလည်း စစ်ခေါင်းဆောင်ကြောင့် ပြည်သူလူထုတွေဟာ ဆင်းရဲဒုက္ခတွေကြုံတွေ့နေရတယ်လို့ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Pa Lawe FB