ရေး ၊ ဇူလိုင် ၂၂
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ဖို့ မွန် ပြည်နယ် ရေးမြို့ နယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးတပ်တွေက ဇူလိုင် ၂၀ ရက်နေ့မှာ သတိပေးတားမြစ်ချက် ထုတ်ပြန်ပါတယ်။
သတိပေးချက်ကိုတော့ မွန်ပြည်တော်လှန်ရေးတပ် MSRF အပါအဝင် ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကွပ်ကဲမှုအောက်က ဒေါနတပ်ရင်း (၂) ၊ ရေးပြောက်ကျားတပ် YGF တို့ ပူးတွဲကြေညာခဲ့တာပါ။
စစ်ကောင်စီအနေနဲ့ သူတို့ အာဏာကို ဆက်လက်ထိန်းသိမ်းရေးအတွက် ရွေးကောက်ပွဲပြင်ဆင်ရာမှာ အီလက်ထရောနစ်မဲပေးစက် သင်တန်းကိုရေးခရိုင်မှာ ပေးမယ်လို့ သိရှိရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းတွေကို ရေးခရိုင်မှာရှိတဲ့ ရေးမြို့နယ်အပါအဝင် လမိုင်းမြို့နဲ့ ခေါဇာမြို့တွေမှာ ဇူလိုင် ၂၁ ရက်ကနေ ၂၃ ရက်နေ့အထိ သင်တန်းပေးဖို့ ရှိနေပြီး ကျန်မြို့နယ်တွေလည်း အလားတူ ဖြစ်ပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF က ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က ရေးခရိုင်မှာ ရွေး ကောက်ပွဲအတွက် မဲပေးစက်သင်တန်းနဲ့ သန်းခေါင်စာရင်းကောက်ယူမှုတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လက်ရှိမှာဆိုလို့ရှိရင် စစ်ကောင်စီဘက်ကနေပြီးတော့ ရေးခရိုင်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အီလက်ထရောနစ်မဲပေးစက်သင်တန်းပြုလုပ်ဖို့ ရှိတယ်။ ပြီးတော့ နောက်တစ်ခုက သန်းခေါင်စာရင်းကောက်ယူနေတဲ့ လှုပ်ရှားမှုတွေ ရှိနေတာကိုတော့ ကျွန်မတို့အနေနဲ့ သိရပါတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်တွေနဲ့ သွားလာလှုပ်ရှားမှုတွေကို တော်လှန်ရေးအဖွဲ့အစည်းတွေက သတင်းအချက်အလက်တွေ ရရှိထားပြီး ရွေးကောက်ပွဲမလုပ်နိုင်ဖို့ တားဆီးသွားမယ်လို့ ကြေညာထားတာပါ။
ဒါကြောင့် အုပ်ချုပ်ရေးမှူးတွေ Non – CDM တွေအနေနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာ အာ ဏာပိုင်တွေနဲ့ အတူတကွ သွားလာတာ၊သင်တန်းတက်တာ၊ လုပ်ငန်းအကောင်အထည်ဖော်တာတွေ လုံးဝမပြုလုပ်ကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။
ဒါဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်တဲ့ လမ်းစဉ်အတိုင်း နိုင်ငံရေးလမ်းညွှန်မှုအတိုင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မဖြစ်မြောက်အောင် စစ်ရေးအရ အရေး ယူဆောင်ရွက်တာလို့ မိတလဉာဏ်က ရှင်းပြပါတယ်။
ဒီလိုမျိုး သတိပေးချက်တွေကို Non – CDM တွေအနေနဲ့ မလိုက်နာဘူးဆိုရင် တော်လှန်ရေးတပ်တွေဘက်က စစ်ရေးအရ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ သူက ပြောပါတယ်။
“Non – CDM တွေအနေနဲ့ ဒီလိုမျိုး (သတိပေးချက်ကို) မလိုက်နာဘူးဆိုရင် ဘယ်လိုအရေးယူသွားမလဲဆိုတော့ ဒီအတွက်ကို ကျွန်မတို့က သတိပေးထားပြီးသားဖြစ်တယ်။ အဲဒီအတွက်ကြောင့် ရွေး ကောက်ပွဲမဖြစ်မြောက်ဖို့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက် ကျွန်မတို့ကစစ်ရေးအရ ဆက် လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ တတိယကြိမ်ညီလာခံကနေ မွန်ပြည်နယ်မှာ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို အပြည့်အဝဆန့်ကျင်ရာမှာ ပြည်သူလူထုတွေ ပါဝင်လာစေဖို့ တိုက်တွန်းလှုံ့ဆော်ပြီး မဟာဗျူဟာတရပ် ရေးဆွဲသွားမယ်လို့ ဆုံးဖြတ်ထားတာပါ။
ဇွန်နှောင်းပိုင်းတုန်းကလည်း ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အီလက်ထရောနစ်မဲပေးစက် ကိုင် တွယ်အသုံးပြုနည်းသင်တန်းတွေကို စစ်ကောင်စီက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သုံးရက်ကြာ ဖွင့်လှစ်ခဲ့ပါတယ်။
မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းမှာတော့ မြို့နယ်အလိုက် ပညာရေးဌာနက ဝန်ထမ်းတွေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဝန်ထမ်းတွေ တက်ရောက်ရပါတယ်။
အဲဒီထဲမှာ ပညာရေးဌာနက ဆရာ၊ဆရာမတွေဟာ မဲပေးစက်ကိုင်တွယ်အသုံးပြုတဲ့ သင်တန်းကို တက်ရောက်ဖို့ မဲနှိုက်ရပြီး သင်တန်းဆိုင်ရာ အချက်အလက်တွေနဲ့ တက်ရောက်ကြောင်းကိုတော့ လူမှုကွန်ရက်တွေမှာ ဖော်ပြခြင်းမပြုဖို့ စစ်ကောင်စီက ကန့်သတ်ထားပါတယ်။
အခုနှစ် ဒီဇင်ဘာ တတိယပတ်ကနေ နောက်နှစ် ဇန်နဝါရီ ဒုတိယပတ်အတွင်း အပိုင်းလိုက်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၃၃၀ ထဲက မြို့နယ် ၂၆၀ ကျော်မှာ ပြုလုပ်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က အသိပေးထားတာပါ။
မွန်ပြည်နယ်မှာတော့ ဒေသတွင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ရွေးကောက်ပွဲကို အပြည့် အဝ လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI