မော်လမြိုင် ၊ ဇူလိုင် ၂၃

နိုင်ငံတဝန်းမှာ အခုနှစ်ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ပညာရေး ဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ အခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ စုစုပေါင်း ၁၃၀၇ ကြိမ် ပြု လုပ်ခဲ့ပြီး အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း လူပေါင်း ၁၀၆၄ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၃ မှာ လူပေါင်း ၅၂၀ ဦး၊ ၂၀၂၄ မှာ လူပေါင်း ၁၆၅၈ ဦး၊ ၂၀၂၅ ဇွန်လအထိ လူပေါင်း ၁၀၆၄ ဦး သေဆုံးထားတာဖြစ်ပြီး စစ်ကိုင်းတိုင်းဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများဆုံး သေဆုံးထားတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးကတော့ စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာ ကျဆုံးမှုများတာကြောင့် လေကြောင်းကို အဓိကအသုံးပြုနေတဲ့အတွက် လေကြောင်းကာကွယ်ရေးစနစ်တွေ၊ မြေအောက်ကျောင်းတွေ များများအကောင်အထည် ဖော်သင့်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ သူတို့ရဲ့ ထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို နေရာများများ ကျင်းပနိုင်ဖို့အတွက် စိုးမိုးနယ်မြေတွေကို အကောင်အထည် ဖော်နေတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ ဒီထက် များလာနိုင်သလို ဒေသခံတွေအနေနဲ့ ပိုမိုသတိထားရမယ့် အချိန်အခါ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတာ၊ ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့်လည်း ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေအပြင် ကလေးသူငယ်တွေပါ သေဆုံးထိခိုက်ခဲ့ရတာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.