နောင်ချို ၊ ဇူလိုင် ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့ ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်မှုအပေါ် နယ်မြေလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လုပ်သွားမယ်လို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

ဇူလိုင် ၂၁ ရက်နေ့က ဒုစစ်ခေါင်းဆောင်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စစ်ဆင်ရေးဝတ်စုံနဲ့ နောင်ချိုမြို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒုဝန်ကြီးတွေအပါအဝင် တာဝန်ရှိသူတွေနဲ့အတူ သွား ရောက်ပြီး မြေပြင်က အရာရှိစစ်သည်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံမှုအတွင်း နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ရရှိခဲ့တာဟာ အောင်ဇေယျစစ်ဆင်ရေးနဲ့ လှေ ခွက်ချည်းကျန်အလံမလှဲတဲ့ စိတ်ဓာတ်၊ တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ဓာတ်တွေနဲ့ ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲ ချေမှုန်းခဲ့မှုကြောင့်လို့ ဆိုပါတယ်။

အခုလို ရရှိထားတဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားကြဖို့နဲ့ အားသာချက် အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး စစ်မြေပြင်မှာ အကျိုးရှိစွာ အသုံးချသွားဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွန်ကြားချက်တွေကို စစ်သည်တော်ကောင်းပီသစွာ လိုက်နာနေထိုင်သွားဖို့၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိအောင် လေ့ကျင့်နေထိုင်သွားဖို့အပါအဝင် နိုင်ငံနဲ့ စစ်တပ်အပေါ် သစ္စာစောင့်သိကြဖို့ကိုလည်း ဒုစစ်ခေါင်းဆောင်က တိုက်တွန်းခဲ့သေးတာပါ။

စစ်မြေပြင်မှာ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့မှုကြောင့် ရာထူးတိုးမြှင့်ခြင်းခံရတဲ့ စစ်သည်တွေကို ဒုစစ်ခေါင်းဆောင်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးတို့က အဆင့်တံဆိပ်တွေ တပ်ဆင်ပေးပြီး စစ်သည်တွေအတွက် စားသောက်ဖွယ်ရာတွေလည်း ပေးအပ်ခဲ့ပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က ဒုချုပ်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုယ်တိုင် စစ်ဆင်ရေးဝတ်စုံနဲ့ မြေပြင်က စစ်သည်တွေကို အစားအသောက်တွေ ဝေပြီး ရာထူးတွေ တိုးပေးတာဟာ စိတ်ဆင်စစ်ဆင်ရေးလုပ်တာလို့ ပြောပါတယ်။

“ဟေ့ကောင် မင်းတို့ကောင်တွေလည်း ဝင်ပြီးတော့ ဖောရှောလုပ်ပြီးကာမှ စိတ်ဓာတ်စစ်ဆင်ရေးလုပ်မှရမယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ တိုက်တွန်းချက်နဲ့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီးအဆင့် ခြေပန်း ပွင့်ထိုးပြီး ရှေ့တန်းကို ရောက်လာရသလို ဒုတိယ တပ်မမှူးအဆင့်လည်း မီးဖိုချောင်ထဲကို ရောက်သွားတယ်။ အဲဒါ သူတို့ရဲ့ အနေအထားက စိတ်ဓာတ်စစ်ဆင်ရေးသာ လုပ်တာ သူတို့အဆင့်တွေ ဘယ်တွေရောက်သွားပြီလဲ။ ရှေ့တန်းကို ရောက်သွားတယ်။ အခုထိ ရဲဘော်တွေကို ချော့မော့ပြီးတော့ ရာထူးတွေကို ဇွတ်တွေတိုးပြီးတော့ အသေခံပြီး တိုက်ခိုင်းရတဲ့ အနေအထားကို ရောက်သွားတာ”လို့ ဆိုပါတယ်။

ရှမ်း-ကယားနယ်စပ်ရှိ ကရင်နီတပ်ပေါင်းစုတွေ သိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ၆ လကြာ စစ်ဆင်ရေးဆင်နွှဲပြီး ဇူလိုင် ၆ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ထိပ်ပိုင်းခေါင်း ဆောင်တွေ သွားရောက်ခြင်း မရှိခဲ့ပါဘူး။

တအာင်းတပ် TNLA တစ်နှစ်လောက် ထိန်းချုပ်ထားတဲ့ မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းမကြီးပေါ်က နောင်ချိုမြို့ကိုတော့ စစ်ကောင်စီတပ်က တိုက်စစ်ဆင်ပြီး ပြန်လည်ရရှိခဲ့မှုအပေါ် ထိပ်ပိုင်းခေါင်းဆောင်တွေ ရှေ့တန်းစစ်မြေပြင်အထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဒုစစ်ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေဟာ နောင်ချိုမြို့မှာ ဖွင့်လှစ်ထားတဲ့ ယာယီဆေးရုံနဲ့ ပြည်သူ့ဆေးရုံအပါအဝင် စာသင်ကျောင်းနဲ့ ဌာနဆိုင်ရာတွေ မြို့မရဲစခန်းတွေကိုလည်း သွားရောက်ခဲ့သလို ဒေသခံတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။

နိုင်ငံတော်ဝန်ကြီးချုပ်က နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ပြီးရင် အခြေခံပညာကျောင်းတွေကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပုံမှန်အတိုင်း ပြန်လည်ဆောင် ရွက်ပေးရေးတို့ကို လုပ်ဆောင်ဖို့ ညွန်ကြားထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသတည်ငြိမ်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နောင်ချိုမြို့အနီးရှိ ကျေးရွာတွေ အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားလည်ပတ်နိုင်ရေးအတွက် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိဖို့ လုပ်ဆောင်သွားမယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

အဲဒီလို လုပ်ဆောင်ရာမှာလည်း ဒေသခံပြည်သူတွေအနေနဲ့ တပ်မတော်၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့အပါအဝင် မကြာမီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်မဆုံးရှုံးရေး လိုအပ်တာတွေ ကြိုတင်စီစဉ်သွားဖို့ကိုလည်း ညွန်ကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.