နေပြည်တော် ၊ ဇူလိုင် ၂၂

မြန်မာ အာဏာသိမ်း စစ်တပ်မှာ စစ်မှုထမ်းခဲ့တဲ့သူတွေ အလုပ်အကိုင် ရရှိစေဖို့အတွက် စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှု ကော်မတီကို ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။

အဲဒီကော်မတီမှာ စစ်ကောင်စီ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ ဖြစ်ပြီး အလုပ်သမားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးက ဒုဥက္ကဋ္ဌ (၁) ဖြစ်ကာ တခြားဌာနဆိုင်ရာက တာဝန်ရှိသူ ၁၈ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။

ကော်မတီရဲ့ လုပ်ငန်းတာဝန်ထဲမှာတော့ ပြည်သူ့ စစ်မှုထမ်းတွေအနေနဲ့ ရန်သူကြောင့် မသန်မစွမ်း ဖြစ်တဲ့ EA1၊ EA2နဲ့ NEA တွေကို အမြဲတမ်း စစ်မှုထမ်းတွေ နည်းတူ စစ်ရေးချုပ်ရုံးရဲ့ ကွပ်ကဲမှုအောက်မှာ ပြန်လည် နေရာချထားရေး ညွှန်ကြားရေးမှူးရုံးရဲ့ အစီအစဉ်နဲ့ အမြဲတမ်း စစ်မှုထမ်း EA နည်းတူ ပြန်လည်း နေရာချထားနိုင်ရေး ဆောင်ရွက်ပေးရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမြဲတမ်း စစ်မှုထမ်းတွေနဲ့ ပြည်သူ့ စစ်မှုထမ်းတွေကို နုတ်ထွက်ခွင့်ပြုချိန်မှာ ပြန်လည် နေရာချထားမှု ခံယူလိုသူတွေကို သူတို့ ဆန္ဒပြုတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအလိုက် နိုင်ငံတော်နဲ့ တပ်မတော်က သင်တန်းဆောင်ရွက် ပေးရမယ်လို့ ပါရှိပါတယ်။

ဝါရင့် တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ စစ်မှုထမ်းတွေကို အလုပ်အကိုင်ရရှိအောင် ကော်မတီ ဖွဲ့တယ်လို့ ပြောပေမယ့် အမြဲတမ်းတပ်က လူတွေတောင် အလုပ်မပေးနိုင်တဲ့ အခြေ အနေမှာ အလုပ်အကိုင်ရရှိအောင် လုပ်ပေးမယ်ဆိုတာဟာ လူကြားကောင်းအောင် ပြောတာလို့ ဝေဖန်ပါတယ်။

“သူတို့စစ်မှုထမ်း အမြဲတမ်းတပ်ကလူတွေ လမ်းဘေးမှာ တောင်းစားနေရတာတွေ ခွက်ဆွဲတောင်း စားနေရတာတွေ၊ စာအုပ်ရောင်းနေရတာတွေ အဲဒီကောင်တွေကိုတောင် အလုပ်မပေးနိုင်ဘူး။ အဲဒီတော့ ဘယ်လိုဒီကလေးတွေကို ဘယ်လိုပေးမလဲတော့ ကျွန်တော်ကတော့ မထင်ပါဘူးနော်။ ဘယ် တော့မှလည်း ပြန်မလာဘူး။ အဲဒီမှာ အကုန်သေတာပဲ။ ပြန်လာခွင့်လည်း မပေးဘူး။ ထွက်ခွင့်လည်း မပေးဘူး။ အဲဒီတော့ ဘာအလုပ်အကိုင် ရှာပေးမှာလဲ။ လူကြားကောင်းအောင် ဖြစ်မှာပါနော်”လို့ ဆိုပါတယ်။

စစ်ကောင်စီက အခုလို ကော်မတီ ဖွဲ့ပြတာဟာ စစ်မှုထမ်းသင်တန်း တက်ရောက်မယ့်သူတွေကို စစ်မှုထမ်းပြီးရင်တောင်မှ အလုပ်ရမယ်ဆိုကာ မက်လုံးပေးတာသာ ဖြစ်ပြီး မြေပြင်မှာတော့ ထွက် ပြေးလို့ ဖမ်းဆီးခံရပါက ရှေ့တန်းကို ပြန်ပို့တာကြောင့် အလုပ်ပေးမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ပြည်သူ့စစ်မှုထမ်းတွေနဲ့ အမြဲတမ်း စစ်မှုထမ်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနအပြင် သက်ဆိုင်ရာဌာနတွေက အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းတွေကို အ ဆင့်မီစွာ သင်ကြားပေးရမှာဖြစ်ပြီး ပြန်လည်နေရာချထားမှု ခံယူလိုသူတွေကို တက်ရောက် အောင်မြင်ခဲ့တဲ့ သင်တန်းကျောင်းက အသိအမှတ်ပြု လက်မှတ် ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမြဲတမ်း စစ်မှုထမ်းတွေအတွက် တပ်မတော် ထွက်ခွင့် လက်မှတ်နဲ့ ပြည်သူ့စစ်မှုထမ်းတွေအတွက် စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ကိုင်ဆောင်ထားသူတွေကို သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက ဦးစားပေး အလုပ်အကိုင် ခန့်ထားပေးနိုင်ရေး ဆောင်ရွက်ပေးမယ်လို့ ပါရှိပါတယ်။

CDM ဗိုလ်ကြီး ကောင်းသူဝင်းကတော့ ပြည်သူ့စစ်မှုထမ်းတွေကို အလုပ်ပေးမယ်ဆိုတာ ခြေပြတ်လက်ပြတ်တွေကိုသာ သူတို့နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေမှာ ပေးကောင်း ပေးနိုင်ပေမယ့် အကောင်းအတိုင်း ရှိသူတွေကိုတော့ စစ်တပ်ထဲကနေတောင် ထွက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“သေချာတာက ခြေပြတ်လက်ပြတ်တွေ ဆိုရင်တော့ပေါ့နော်။ သူတို့ရဲ့ အလုပ်ပေါ့နော်။ အလုပ်ဆိုတာလည်း စစ်တပ်နဲ့ နည်းနည်း ဆက်စပ်တဲ့ လုပ်ငန်းတွေမှာပေါ့။ ဒီလိုမျိုးဟာတွေမှာ ပေးတာတော့ ဖြစ်ကောင်း ဖြစ်နိုင်တယ် ဆိုပေမယ့်ပေါ့နော်။ ဒီအကောင်းကြီးအတိုင်း စစ်တပ်ထဲမှာ ဆက်ရှိနေတဲ့သူတွေကတော့ ကျွန်တော် ထင်တာတော့ ထွက်ခွင့်လည်း ပေးမှာ မဟုတ်ဘူးပေါ့နော်” လို့ ဆိုပါတယ်။

တဖက်မှာ စစ်ကောင်စီကတော့ ပြန်လည် နေရာချထားမှု ခံယူလိုတဲ့ အမြဲတမ်း စစ်မှုထမ်းနဲ့ ပြည်သူ့ စစ်မှုထမ်းတွေကို အလုပ်သမားဝန်ကြီးဌာနက ပြည်တွင်း အလုပ်သမားကတ်နဲ့ ပြည်ပ အလုပ်သ မားကတ် ထုတ်ပေးရမှာ ဖြစ်ပြီး ပြည်ပ အလုပ်အကိုင်ရရှိဖို့အတွက် သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တာဝန်ထမ်းဆောင် ပြီးတဲ့ ပြည်သူ့စစ်မှုထမ်းတွေအနေနဲ့ ပြည်သူ့ စစ်မှုမထမ်းမီ တာဝန် ထမ်းဆောင်ခဲ့တဲ့ အစိုးရဝန်ထမ်း၊ ပုဂ္ဂလိက လုပ်ငန်း၊ အဖွဲ့အစည်းနဲ့ ကုမ္ပဏီဝန်ထမ်း ဖြစ်ပါက စစ်မှုမထမ်းမီကာလက ထမ်းဆောင်ခဲ့တဲ့ အလုပ်အကိုင်၊ လုပ်ငန်းနေရာတွေအလိုက် ပြန်လည် ခန့်ထားနိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.