ရေး၊ ဇူလိုင် ၂၂

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီးခံရပြီး တပ်သားသစ် စုဆောင်းခံရတဲ့ စစ်မှုထမ်းသစ်သားတွေ ဘက်ပြောင်းခိုလှုံတာနဲ့ ထွက်ပြေးမှု များပြားလာတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်အချက်အရ သိရပါတယ်။

အခုလ ဇူလိုင် ဒုတိယအပတ်နဲ့ တတိအပတ်အတွင်း ပုလောမြို့နယ် ပလောက်မြို့ ခလရ ၂၈၀ တပ်ရင်း၊ မွန်ပြည်နယ် ရေးမြို့အခြေစိုက် စကခ ၁၉၊ အမှတ် ၆၀၂ ဒုံးတပ်ရင်းနဲ့ တနင်္သာရီ သိန်းခွန်ကျေးရွာ တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အပါအဝင် စစ်ကောင်စီတပ်သား ၈ ဦး အလင်းဝင်ခဲ့တာပါ။

ပုလောမြို့နယ် ပလောမြို့အခြေစိုက် အမှတ် ၂၈၀ ခြေမြန်တပ်ရင်းက စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သား ကိုငြိမ်းသူဟာ လက်နက်ခဲယမ်းနဲ့အတူ ဇူလိုင် ၁၂ ရက်နေ့မှာ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စကခ ၁၉ မှာ တာဝန်ထမ်းဆောင်ထမ်းဆောင်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၇ နဲ့ အပတ်စဉ် ၈ သင်တန်းဆင်း တပ်သား ၃ ဦး စခန်းအတွင်းကနေ ထွက် ပြေးလာချိန် ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကလည်း တနင်္သာရီ-မောတောင်လမ်းပိုင်းရှိ သိန်းခွန်ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ထွက်ပြေးလာတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၃ ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ KNU တပ်မဟာ ၄ ထံက သိရပါတယ်။

အလားတူ စစ်ကောင်စီရဲ့ အမှတ် ၆၀၂ ဒုံးတပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ ဇူလိုင် ၁၉ ရက်နေ့မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းက စစ်မှုထမ်း အကျုံးဝင်တဲ့ လူငယ်တွေကို ရတဲ့နည်းနဲ့ တပ်သား သစ် ဖမ်းဆီးစုဆောင်းနေပြီး ရှေ့တန်းစစ်မြေပြင် ပို့ဆောင်နေတာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တွေ လက်နက်ချ အလင်း ဝင်တာတွေ ရှိနေတယ်လို့ ဝါဒဖြန့်ချီမှုတွေ ဆက်တိုက်လုပ်နေပါတယ်။

ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ အစီရင်ခံစာအရ နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ ဇွန်လတစ်လအတွင်း စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၂၀ ကျော်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.