PAPUN DISTRICT, KAREN STATE, MYANMAR - 2021/06/13: Soldiers from the Karen National Liberation Army (KNLA), the military arm of the Karen National Union (KNU). The KNU has been leading a fight against Burmese governments for more than 70 years to get some kind of autonomy for the ethnic Karen. (Photo by Thierry Falise/LightRocket via Getty Images)

ကော့ကရိတ်၊ ဇူလိုင် ၂၃

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇူလိုင် ၂၂ ရက်နေ့ မနက်ပိုင်းကစလို့ KNLA တော်လှန်ရေးအင်အားစုတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကော့ကရိတ်မြို့ မြောက်ဘက် ဒေါနတောင်ပေါ်လမ်းဟောင်းနဲ့ အာရှလမ်းမကြီးဘက်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာပါ။

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကော့ကရိတ်မြို့ပတ်ပတ်လည်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ကော့ကရိတ်မြို့နဲ့ ကော့ကရိတ်-ကျုံဒိုး လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ ဂိတ်စခန်းတွေကို KNLA တော်လှန်ရေးအင်အားစုအဖွဲ့တို့က ပြီးခဲ့တဲ့ ဧပြီလပိုင်းကတည်းက တပြိုင်နက်ထဲထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ကာကင်းစခန်းနဲ့ ဂိတ်စခန်းတချို့ကို သိမ်းပိုက်ရရှိခဲ့ပြီး ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကော့ကရိတ်၊ ကျုံဒိုးတိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့အဝင်အထွက်နေရာတွေကိုအားလုံးကို ပိတ်ထားလိုက်တဲ့အတွက် မြို့ခံပြည်သူတွေဟာ အပြင်ကိုထွက်ခွာခွင့်မရဘဲ မြို့တွင်းထဲမှာ လအတန်အကြာ ပိတ်မိနေခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်က မြို့အဝင်အထွက်နေရာတွေအားလုံးကို ပိတ်ထားလိုက်တဲ့အတွက် ကော့ကရိတ်မြို့ပေါ်မှာ အခြေခံစားသောက်ကုန်တွေအပြင် ဆန်၊ စားသုံးဆီ၊ စက်သုံးဆီ စတဲ့ ကုန်ပစ္စည်းတွေနဲ့ လောင်စာဆီဈေးနှုန်းတွေလည်း အဆမတန် ထိုးတက်သွားခဲ့ရာ မြို့ခံပြည်သူလူထုတွေအတွက် အခက်အခဲများစွာကြုံတွေ့နေရပါတယ်။

ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လပိုင်းကစပြီး တပ်မ ၄၄ တပ်မ ၂၂ တပ်မ ၅၅ ပါဝင်တဲ့ စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းပျက်တဲ့အထိ ထိခိုက်မှုများပြားခဲ့တာပါ။

အခုလ ဇူလိုင်လအစောပိုင်းမှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းတွေက ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ထပ်မံလုပ်ဆောင်လာနေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ်သားတချို့ အလင်းဝင်ရောက်လာတာတွေလည်း ရှိခဲ့ပါတယ်။

စစ်ဆင်ရေးအတွင်း ရောက်ရှိလာကြတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေထံ လက်နက်ချအလင်းဝင်ရောက်လာဖို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထုတ်ပြန်အသိပေးတာတွေ ရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.