တီဟီရန်၊ ဇူလိုင် ၂၁
အီရန် ဘာသာရေးခေါင်းဆောင် အများက ဖာတဝါ ခေါ် ဘာသာရေးဆိုင်ရာ ညွှန်ကြားချက်တွေ ထုတ်ပြန်လိုက်ပြီးနောက် သွေးကတိ “Blood Covenant” လို့ အမည်ရတဲ့ အဖွဲ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို လုပ်ကြံသတ်ဖြတ်ရေး အစီအစဉ် စတင်လိုက်ပြီ ဖြစ်ပါတယ်။
အီရန် နိုင်ငံပိုင်မီဒီယာ အလုပ်သမားဟောင်း တစ်ဦးနဲ့ ဆက်စပ်နေတဲ့ လူထုရန်ပုံငွေ ကောက်ခံရာမှာ ဒေါ်နယ်ထရန့်ကို လုပ်ကြံသတ်ဖြတ်နိုင်သူကို ချီးမြှင့်မယ့် ဆုကြေးအဖြစ် ကန် ဒေါ်လာ သန်း ၄၀ ရရှိထားပြီ ဖြစ်ကြောင်း The New York Post သတင်းဌာနက ဖော်ပြပါတယ်။

အီရန် နျူကလီးယားစက်ရုံ သုံးခုကို ဗုံးကြဲတိုက်ခိုက်ဖို့ ထရန့်က အမိန့်ပေးလိုက်ပြီးနောက်မှာ သူ့ကို အီရန် ဘာသာရေးခေါင်းဆောင် အများအပြားက ဘုရားသခင် အလ္လာရဲ့ ရန်သူတော်အဖြစ် သတ်မှတ်ထားကြ ပါတယ်။
အမေရိကန် အခြေစိုက် တတ်သိပညာရှင် အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ အရှေ့အလယ်ပိုင်းမီဒီယာ သုတေသန (MEMRI) အဖွဲ့က “သွေးကတိ” ဆိုတဲ့ အဖွဲ့ဟာ အီရန်အစိုးရရဲ့ အကာအကွယ်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်တယ်လို့ ပြောပါတယ်။

ဘုရားသခင်ကို ယုံကြည်သူတွေအနေနဲ့ ဂျီဟတ်စစ်ပွဲ ဆင်နွှဲကြဖို့ မိမိတို့ရဲ့ ငွေကြေးတွေ ပါဝင်လှူဒါန်းပြီး အသက်ပေး စွန့်လွှတ် အနစ်နာခံကြဖို့ အဲဒီ အဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ထရန့်ကို လုပ်ကြံသတ်ဖြတ်ဖို့က ဘာသာရေးအရ တရားဝင် ဖြစ်တယ်လို့လည်း သွေးကတိအဖွဲ့ရဲ့ အွန်လိုင်း ကြေညာချက်မှာ ဖော်ပြပါတယ်။
အီရန် မီဒီယာနဲ့ ဘာသာရေး အသိုင်းအဝိုင်းမှာ ထရန့်ကို လုပ်ကြံသတ်ဖြတ်ရေးဟာ လူပြောများနေတဲ့ ကိစ္စ ဖြစ်ပါတယ်။
ထရန့်ကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ရင် ဆုကြေး အဖြစ် ဒေါ်လာ ၄၀ ဒသမ ၃ သန်း ရရှိမယ့်အပြင် သုခဘုံလို နေရာမှာ နေရမှာ ဖြစ်ပြီး အစ္စလာမ်ဘာသာကို ကာကွယ်သူအဖြစ် သတ်မှတ်ခံရမှာ ဖြစ်တယ်လို့ သွေးကတိအဖွဲ့က ပြောဆိုထားပါတယ်။
“သွေးကတိ” အဖွဲ့ရဲ့ လုပ်ရပ်ကို အီရန်ရဲ့ ပြည်နယ် ၁၀ ခုရဲ့ ဘာသာရေး ခေါင်းဆောင်တွေ ထောက်ခံ အားပေးနေတယ်လို့လည်း သိရပါတယ်။
Ref:The Jerusalem Posts