သထုံ၊ ဇူလိုင် ၂၁

မွန်ပြည်နယ် သထုံမြို့နယ် ဈေးမသွယ်ကျေးရွာ ဈေးမသွယ်အကျဉ်းထောင်မှာ ကွယ်လွန်သွားတဲ့ ဘီးလင်းမြို့နယ် NLD ပါတီ အလုပ်မှုဆောင်အဖွဲ့ဝင် ဦးပြည့်စုံအောင် ရုပ်အလောင်း ပြန်မရဘူးလို့ မိသားစုနဲ့နီးစပ်သူတွေထံကန သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အလုပ်မှုဆောင် ဦးပြည့်စုံအောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့က ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဈေးမသွယ်အကျဉ်းထောင်မှာ ရုတ်တရက် ကွယ်လွန်သွားတာပါ။

အသက် ၄၄ နှစ်အရွယ် ဦးပြည့်စုံအောင်ဟာ ထောင်ထဲမှာရှိနေချိန် ရုတ်တရက် အသက်ရှုကြပ်လာချိန် ထောင်အာဏာပိုင်တွေက ပြင်ပဆေးရုံပို့ပြီး ဆေးကုသခွင့်မပေးဘဲ ထောင်တွင်းဆေးခန်းမှာသာ ဆေးကုသဖို့ကြိုးစားနေရင်းကနေ သေဆုံးသွားတာလို့ ဆိုပါတယ်။

“ထောင်ဘက်က အကြောင်းကြားတာတော့ အသက်ရှုပ်ကြပ်ပြီး ဆုံးတာလို့ သိရတယ်။ လူကလည်း ဝတာဆိုတော့ ရောဂါအခံအချို့လည်းရှိတယ်။မိသားစုကတော့ ရုပ်အလောင်း ပြန်မရဘူး”လို့ ဘီးလင်းမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်

သေဆုံးသွားတဲ့ ဦးပြည့်စုံအောင်ရဲ့ရုပ်အလောင်းကိုလည်း မိသားစုဝင်တွေတောင် ကြည့်ခွင့်မရဘဲ ထောင်အာဏာပိုင်တွေဘက်က နေ့ချင်းသဂြိုဟ်လိုက်ကြတယ်လို့ သိရတယ်။

ဦးပြည့်စုံအောင်ဟာ ဘီးလင်းမြို့နယ် NLD ပါတီရဲ့ အလုပ်အမှုဆောင်တစ်ဦး ဖြစ်သလို မြို့နယ် သတင်းနဲ့ပြန်ကြားရေး တာဝန်ခံလည်း ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။

အဲဒီနောက် စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) အပါအဝင် နိုင်ငံရေးပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရပြီး သထုံအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်အရ ဦးပြည့်စုံအောင်ဟာ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါ အခံတွေရှိနေပြီး အာဇာနည်နေ့မှာ အလေးပြုပြီးနောက် အကြောကတ် မေ့မျောပြီး သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

PPNM ရဲ့ထုတ်ပြန်ချက်အရ အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇူလိုင် ၂၀ ရက်နေ့ထိ နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၁၅ ဦးအထိ သေဆုံးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.