တိုကျို၊ ဇူလိုင် ၂၁

ဂျပန် အာဏာရညွှန့်ပေါင်းအဖွဲ့ဟာ အထက်လွှတ်တော်မှာ သူတို့ရဲ့ လူများစုနေရာကို ဆုံးရှုံးလိုက်ရပြီ ဖြစ်ပေမယ့် ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက ရာထူးကနေ နုတ်ထွက်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောလိုက်ပါတယ်။

ဇူလိုင် ၂၀ ရက်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲဟာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) နဲ့ သူ့ရဲ့ အငယ်တန်း လက်တွဲဖော် ကိုမိုင်တို ပါတီတို့ရဲ့ ညွှန့်ပေါင်းအစိုးရအဖွဲ့ အပေါ် စိတ်ပျက်မှုတွေ များနေချိန် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မဲပေးသူတွေက ကုန်စျေးနှုန်း မြင့်တက်နေတာ၊ အမေရိကန် အခွန်တွေရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်လို့ စိုးရိမ်နေကြပြီး အစိုးရအပေါ် စိတ်ပျက်နေကြပါတယ်။

ဇူလိုင် ၂၀ ရက် ရွေးကောက်ပွဲပြီးနောက် ဝန်ကြီးချုပ်က သူ့အနေနဲ့ ပြင်းထန်တဲ့ ရလဒ်ကို အခိုင်အမာ လက်ခံပေမယ့် ကုန်သွယ်ရေးညှိနှိုင်းမှုတွေကို အာရုံစိုက်ထားတယ်လို့ ပြောပါတယ်။

ဂျပန်ရဲ့ အင်အားပိုကြီးတဲ့ အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့နှစ်က လူများစုနေရာ ဆုံးရှုံးထားပြီး ဖြစ်တဲ့ ညွှန့်ပေါင်းအဖွဲ့အတွက် ရွေးကောက်ပွဲ ရှုံးနိမ့်မှုက သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို အားနည်းသွားစေပါတယ်။

အာဏာရ ညွှန့်ပေါင်းအဖွဲ့အနေနဲ့ အမတ်နေရာ ၂၄၈ နေရာရှိတဲ့ အထက်လွှတ်တော်ကို ပြန်လည်ထိန်းချုပ်ရေး အမတ်နေရာ ၅၀ လိုအပ်ခဲ့ပေမယ့် ၄၇ နေရာပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အဓိက အတိုက်အခံပါတီ ဖြစ်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဒီမိုကရက်တစ် ပါတီက အမတ်နေရာ ၂၂ နေရာနဲ့ ဒုတိယနေရာ ရရှိခဲ့ပါတယ်။

အထက်လွှတ်တော် အမတ်နေရာ ထက်ဝက်အတွက် ဇူလိုင် ၂၀ ရက်က မဲပေးခဲ့ကြပြီး အမတ်တွေဟာ ခြောက်နှစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ထောက်ခံသူတွေက လက်ရှိဝန်ကြီးချုပ်ဟာ သမိုင်းနဲ့ ပတ်သက်လို့ အမျိုးသားရေး အမြင်မရှိဘူးလို့ ယူဆထားကြပါတယ်။

အာဘေးဟာ LDP ပါတီ ခေါင်းဆောင်ဟောင်း ဖြစ်ပြီး ဂျပန်ရဲ့ ရာထူးသက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။

ဂျပန်မှာ ဆန်စျေးအပါအဝင် ကုန်ပစ္စည်းတွေ စျေးမြင့်တက်နေပြီး နေထိုင်စားသောက်မှုစရိတ် မြင့်မားမှုကြောင့် အစိုးရအပေါ် မကျေနပ်မှုတွေ ပိုများလာနေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.