မကွေး ဇူလိုင် ၂၁

မကွေးမြို့ပေါ်မှာ စလင်းနဲ့ ပွင့်ဖြူဘက်ကနေ လာရောက်နေထိုင်သူတွေကို ဧည့်စာရင်း တိုင်ကြားမှု တင်းကြပ်ထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စလင်းနဲ့ ပွင့်ဖြူမြို့နယ်ကနေ မကွေးမြို့ပေါ်ဆီ လာရောက်နေထိုင်မယ်ဆိုရင် အုပ်ချုပ်ရေးမှူးနဲ့တင် မပြီးဘဲ ရဲစခန်းအထိ ဖုန်းဆက်အကြောင်းကြားရတာ ဖြစ်တယ်လို့ သိရပါတယ်။

“ရဲတွေက လာစစ်တာ ဧည်စာရင်း တစ်လပေးရင် အုပ်ကြီးကို ဆူငေါက်သွားလို့တဲ့။ အခုဆို တစ်ပတ်ပဲပေးရတယ်။ တစ်ပတ်ပြည့်တိုင်း လာပြီးသက်တမ်းတိုးပါတဲ့။ မွေးခါစကလေးတောင် စာရင်းပေးထားရတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇူလိုင်လ ပထမပတ်အထိ မှတ်ပုံတင်ပြပြီး ဧည့်စာရင်းတင်ရခဲ့ရပေမယ့်ဇူလိုင်လ ဒုတိယပတ်ကစပြီး စလင်းနဲ့ပွင့်ဖြူကဆိုပါက မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယား၊ ဖုန်းနံပတ်၊ အိမ်ရှင်အမည်နဲ့ ဖုန်းနံပါတ်တွေပါ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေထံ ပေးထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧည့်စာရင်း တစ်လ တစ်ခါတိုင်ရာကနေ ဧည့်စာရင်း တစ်ပတ်တစ်ခါ တိုင်ရတဲ့စနစ်ကို​ ပြောင်းလဲထားပြီး အရင်က ဧည့်စာရင်းတစ်ခါတိုင်ပါက မိသားစုဝင်အလိုက် တစ်ယောက်ကို ၁၀၀၀ ကျပ်ကနေ အုပ်ချုပ်ရေးမှူးတွေက နားလည်မှုနဲ့ ဧည့်စာရင်းတစ်ခါတိုင် တစ်မိသားစုစာကို ၁၀၀၀ ကျပ်သာတောင်းတယ်လို့ သိရပါတယ်။

ဧည့်စာရင်းတိုင်ကြားရာမှာ မိသားစုထဲမှာ လူငယ် ယောကျာ်းလေးတွေရှိရင် အချက်အလက် အပြည့်အစုံ​ပေးရပြီး ဧည့်စာရင်းတိုင်ရကာ ဧည့်လာနေသူတွေလည်း စစ်မှုထမ်းကြေးကောက်ခံရင် ငွေထည့်ဝင်ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.