ရန်ကုန် ၊ ဇူလိုင် ၁၂

အနာဂတ်လူငယ်တွေရဲ့ ဘဝပေါင်းများစွာကို စနစ်တကျ ဖျက်ဆီးပစ်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်အာဏာမရှိဘဲ ထုတ်ပြန်ခြင်းဟာ တ ရားမဝင်ဘူးလို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက အသိပေးပါတယ်။

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အသက်သွင်းခဲ့တာပါ။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁ (ခ) မှာ“နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌက အမိန့်ကြော်ငြာစာနဲ့ သတ်မှတ်တဲ့နေ့ရက်မှာ စတင်အာဏာတည်ရမယ်”လို့ ပြဌာန်းထားတာပါ။

အဲဒီ ပြဌာန်းချက်အရ အာဏာတည်မိန့်ထုတ်ရမယ့် အခွင့်အာဏာရ ပုဂ္ဂိုလ်နဲ့ တာဝန်ကို အတိအကျ သတ်မှတ် ပြဌာန်းထားပြီးဖြစ်လို့ စစ်ကောင်စီ ဥက္ကဌက စတင်အာဏာတည်တဲ့ နေ့ရက် သတ်မှတ်မိန့် ထုတ်ပြန်ခဲ့တာဟာ ဥပဒေအရ မှားယွင်းတယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် (၁၁/၂၀၁၁) ၊ ၂၀၁၁ ခုနှစ်၊ စကားရပ်များအစားထိုးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ – ၂ (ခ) မှာ “နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဆိုတဲ့ စကားရပ်အစား နိုင်ငံတော်သမ္မတ”လို့ ပြဌာန်းထားတာပါ။

ဒါကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်မိန့်ထုတ် ပြန်ခွင့်ရှိသူမှာ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ တစ်ဦးတည်းသာဖြစ်တဲ့အပြင် အဲဒီဥပဒေပြဌာန်းချက်ရဲ့ နိုင်ငံတော်အကြီးအကဲဆိုသည်မှာ နိုင်ငံတော်သမ္မတ တစ်ဦးတည်းဖြစ်ကြောင်း သုံးသပ်ထားတာ တွေ့ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်တွေမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေး အာဏာတွေကို လွှဲအပ်လိုက်တဲ့တိုင်အောင် နိုင်ငံတော်သမ္မတရဲ့ နိုင်ငံတော် အကြီးအကဲအဖြစ် တည်ရှိနေမှု ပျက်ယွင်းခြင်းမရှိတာက ဥပဒေရဲ့ အနှစ်သာရလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်သူ့စစ်မှုထမ်းသင်တန်း ၁၄ ကြိမ်အထိ ခေါ်ယူခဲ့ပြီး တစ်ကြိမ်မှာ စစ်မှုထမ်းဦးရေ ၅၀၀၀ နှုန်းနဲ့ စုစုပေါင်း ခန့်မှန်းခြေ စစ်သားသစ် ၇၀၀၀၀ လောက် စစ်ကောင်စီက စုဆောင်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှေ့နေများကောင်စီကတော့ စစ်မှုထမ်းစာရင်းကောက်ယူမှုမှာ ကျောင်းသားတွေကိုပါ စစ်မှုထမ်းခိုင်းဖို့အထိ လုပ်ဆောင်သလို အရပ်သားပြည်သူတွေရဲ့ သားသမီးတွေကိုသာ ကောက်ယူပေမယ့် စစ်ကောင်စီရဲ့ အရာရှိသားသမီးတွေကိုတော့ စစ်မှုထမ်းအဖြစ် ကောက်ယူမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

သက်ရောက်မှုအနေနဲ့ ရပ်ကွက်ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းတာ၊ စစ်မှုမထမ်းရရေး လာဘ်ထိုးရတဲ့အပြင် ဖမ်းဆီးခံရရင်လည်း ငွေပေးပြီး ပြန်လည်ရွေးထုတ်တာ စတဲ့ အဂတိပေါင်းများစွာလည်း ပေါ်ပေါက်လာခဲ့တယ်လို့ ထောက်ပြထားတာပါ။

စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့ လူငယ်တွေလည်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှုတွေအပါအဝင် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ဖြစ်ရပ်တချို့နဲ့ ရှေ့တန်းစစ်မြေပြင်မှာ သေဆုံးတဲ့ လူငယ်တွေများစွာ ရှိလာခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် ပြည်ပနိုင်ငံတွေမှာ တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ စစ်မှုထမ်းတိမ်းရှောင်ကြပြီး ပြည်တွင်းမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြတဲ့ လူငယ်‌ပေါင်းများစွာ ရှိလာနေတယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.