မန္တလေး၊ ဇူလိုင် ၉
မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား တစ်ဦး အူအတက်ပေါက်ပြီး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။
အိုးဘိုအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေတဲ့ အသက် ၅၉ နှစ်အရွယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်လည်းဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေဟာ အူအတက်ပေါက်ရောဂါကြောင့် ဇူလိုင် ၈ ရက်နေ့ မနက်အစောပိုင်းမှာ သေဆုံးခဲ့တာပါ။
ဦးမြင့်ဝေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်ကစပြီး ဗိုက်အောင့်ဝေဒနာကို ပြင်းထန်စွာ ခံစားလာရတာကြောင့် ဆေးဝါးကုသခွင့်ရဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ပုံမှန်ဗိုက်အောင့်ခြင်းသာ ဖြစ်တယ်လို့ ပြောကာ ဆေးဝါးကုသခွင့် မရရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဦးမြင့်ဝေရဲ့ ဗိုက်အောက်ဝေဒနာ အလွန်ဆိုးရွားလာတဲ့အချိန်ရောက်မှသာ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ဆေးရုံရောက်ချိန် တစ်ပတ်ခန့်နောက်ကျခဲ့တာကြောင့် အခုလို သေဆုံးရတာဖြစ်တယ်လို့ PPNM က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ကလည်း ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ပေါင်းတည်အကျဉ်းထောင်မှာ အကျဉ်းကျခံနေတဲ့ အသက် ၄၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦး ရုတ်တရက် နှလုံးရပ်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM