ရေဖြူ၊ ဇူလိုင် ၁၀

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်သုံးဦးနဲ့ ဖခင်ဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က ရေဖြူမြို့နယ် ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၈၂ ခြေလျင်တပ်ရင်းကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ခုနှစ်လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။

အဲဒီထဲက လက်နက်ကြီး ကျည် တစ်လုံးဟာ ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာ မိုင်တိုင် ၅၅ အနီး ကားလမ်းဘေး နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၀ နှစ်အရွယ် ဖခင်ဖြစ်သူ ဦးအေးခိုင်၊ သားသမီးတွေဖြစ်တဲ့ အသက်တစ်နှစ်အရွယ် မနှင်းဝေနိုင်၊ အသက်နှစ်နှစ်ခွဲအရွယ် မောင်ထိန်လင်းနိုင်၊ အသက် ၁၁ နှစ်အရွယ် မပွင့်ဖူးခိုင်တို့ဟာ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

မိခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဒေါ်ပပဝင်းဟာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ လက်နက်ကြီး ထိမှန်သေဆုံးဒဏ်ရာရခဲ့တဲ့ မိသားစုဝင်တွေဟာ ရေဖြူဒေသခံတွေ မဟုတ်ဘဲ ဧရာဝတီတိုင်းဘက်ကနေ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားမိသားစု ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.