မော်လမြိုင် ၊ ဇူလိုင် ၉
နိုင်ငံ့တောင်ပိုင်း ကရင်နီပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဇွန်လအ တွင်း အရပ်သားပြည်သူ ၁၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၆၃ ဦး သေဆုံးခဲ့တယ်လို့ ရာမညအင်စတီကျုသုတေသနဌာန RICE ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း တောင်ပိုင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်အရေအတွက်၊ လက်နက် ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးအိမ်ထိခိုက်ပျက်စီးမှု၊ မီးလောင်မှု၊ အရပ်သားထိခိုက်မှု၊ သေဆုံးမှုနဲ့အရပ်သားဖမ်းဆီးခံရမှု အရေအတွက်တွေကို ဖော်ပြထားတာပါ။
စာရင်းတွေအရ ကရင်ပြည်နယ်က အရပ်သား ၃၀ ဦး သေဆုံးပြီး ၅၉ ဦး နဲ့ အများဆုံးထိခိုက်ခဲ့ရသလို ကရင်နီက ၇ ဦး ၊ မွန်က ၉ ဦးနဲ့ တနင်္သာရီက ၁၇ ဦး သေဆုံးခဲ့ရပြီး အဲဒီဒေသသုံးခုစလုံးမှာ ထိခိုက်ဒဏ်ရာရသူ ၇၁ ဦး ရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူအများစုဟာ တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်ခံရတာ၊ ဒရုန်းထိမှန်တာ၊ မြေမြှုပ်မိုင်းနင်းမိ သေဆုံးတာတွေကြောင့် ဖြစ်ပြီး အရင်လကထက် ပိုများတယ်လို့ RICE က ဆိုပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်မှာ ဖမ်းဆီးခံရသူ ၁၃ ဦးနဲ့ တနင်္သာရီတိုင်းမှာ ၁၀၄ ဦးအထိ ရှိခဲ့ပြီး အဖမ်းခံရသူအများစုဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ စွပ်စွဲခံရသူတွေအပါအဝင် စစ်မှုထမ်းဥပဒေကြောင့် အစုလိုက်အပြုံလိုက် အတင်းအဓမ္မ ဖမ်းဆီးခံရသူတွေလည်း ပါဝင်နေတာပါ။
စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲဖြစ်ပွားမှုမှာတော့ တနင်္သာရီတိုင်းက အများဆုံးရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှု ၂၉ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၅ ကြိမ်၊လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်နဲ့ နှစ်ဘက်ထိတွေ့တိုက်ပွဲ ၁၉ ကြိမ်အထိ ဖြစ်ပွားခဲ့တာပါ။
မွန်ပြည်နယ်မှာ လက်နက်ကြီးပစ်ခတ်မှု ကြိမ် ၂၀ နဲ့ နှစ်ဘက်ထိတွေ့ တိုက်ပွဲ ၁ ကြိမ်သာ ရှိခဲ့ပြီး ကရင်မှာတော့ လက်နက်ကြီး ပစ်ခတ်မှု ၈ ကြိမ်အပြင် လေကြောင်းနဲ့ နှစ်ဘက်ထိတွေ့တိုက်ခိုက်မှု ၅ကြိမ်စီ ရှိခဲ့ပါတယ်။
ကရင်နီမှာတော့ လက်နက်ကြီးပစ်ခတ်မှု ၁၇ ကြိမ်ရှိပေမယ့် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ်သာရှိတယ်လို့ RICE ရဲ့ လစဉ် ဒေတာအစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ဒီအတွက်ကြောင့် ဘာသာရေးအဆောင်အအုံတွေအပါအဝင် အရပ်သားနေအိမ် ထိခိုက်ဖျက်ဆီးခံရမှုနဲ့ မီးလောင်မှုအရေအတွက် တိုးလာပြီး အခုလအတွင်း ဒေသ လေးခုစလုံးမှာ နေအိမ် ၂၆ လုံးအထိ ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ RICE ကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Kareni Voice