နေပြည်တော် ၊ ဇူလိုင် ၉
နိုင်ငံတဝန်းရှိ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေထဲမှာ တော်လှန်ရေးအဖွဲ့တွေထံ ဘက်ပြောင်းခိုလှုံမှု အလင်းဝင်လာသူ ခပ်စိပ်စိပ် တိုးလာတယ်လို့ ပြည်သူ့ရင်ခွင်ရဲ့ ဇွန် တတိယပတ်နဲ့ စတုတ္တပတ်အတွင်း မှတ်တမ်းတွေအရ သိရပါတယ်။
မှတ်တမ်းတွေအရ ဇွန် တတိယပတ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ရဲ၊စစ်သားနဲ့ ပြည်သူ့စစ် ၃၁ ဦးဟာ အလင်းဝင်၊လက်နက်ချ ၊ စစ်သုံ့ပန်းအဖြစ် ဘက်ပြောင်းခဲ့ကြပါတယ်။အဲဒီထဲက အ လင်းဝင်လာခဲ့သူ ၁၃ ဦးထဲက ၆ ဦးဟာ စစ်မှုထမ်း တပ်သားသစ်တွေ ဖြစ်ကြပါတယ်။
အလားတူ ဇွန် စတုတ္တပတ်မှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ရဲ၊စစ်သားနဲ့ ပြည်သူ့စစ် ၆၃ ဦး ရှိခဲ့ပြီး အဲဒီထဲက ၂၃ ဦးဟာ အလင်းဝင်လာသူတွေဖြစ်ပါတယ်။ အလင်းဝင်လာသူတွေထဲက ၁၈ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်ကြပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက ရှေ့တန်းစစ်မြေပြင်မှာ အသေခံခိုင်းတဲ့ အနေအထားတွေနဲ့ နဂိုကတည်းက စိတ်ဆန္ဒမပါဘဲ စစ်တပ်ထဲ ဖမ်းဆီးခံရတာဖြစ်လို့ အခွင့်အရေးရတာနဲ့ ထွက်ပြေးဖို့ ဘက်ပြောင်းဖို့ ကြိုးစားကြတာ များလာတာလို့ ပြောပါတယ်။
“ဒီစစ်မှုထမ်းတပ်သားတွေဟာ လအနည်းငယ် လက်ပူတိုက် လေ့ကျင့်ပေးပြီး ရှေ့တန်းမှာ အသေခံခိုင်းတဲ့အနေအထားမျိုး လက်တွေ့မှာ သူတို့ တကယ်ကြုံလာတဲ့အခါမှာ ပြီးရင် ရှေ့တန်းမြေပြင်မှာ မညီမျှမှုတွေ မတရားဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံမှုတွေအပေါ် ပြီးရင် တိုက်ပွဲထဲ ရှေ့ဆုံးက အသေခံခိုင်းတဲ့ အနေအထားမျိုး ဒါတွေကို ကြုံတွေ့လာတဲ့အခါမှာ စစ်မှုထမ်း လူငယ်တွေက သူတို့ အခွင့် အရေးရတာနဲ့ ထွက်ပြေားလွတ်မြောက်ဖို့ ကြိုးစားတယ်၊ တစ်ဘက်ကို ဘက်ကူးပြောင်းလာတာမျိုးတွေလည်း ပိုများလာတယ်”လို့ ဆိုပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဇွန် စတုတ္ထပတ်အထိ စစ်ကောင်စီတပ်ကနေ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၄၉၂ ဦး အထိရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြည်သူ့စစ်မှုထမ်းသင်တန်းတွေကို ပုံမှန်ဖွင့်လှစ်သွားနိုင်ရင် နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကာကွယ်ရေးစွမ်းအားတွေနဲ့ လုံခြုံရေးဆိုင်ရာတွေ ပိုမိုကောင်းမွန်လာမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောထားတာပါ။
လက်ရှိမှာတော့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၂ အခြေခံစစ်သင်တန်းဆင်းထားပြီး အပတ်စဉ် ၁၄ အထိ သင်တန်းဖွင့်လှစ်ထားသလို လာမယ့် အပတ်စဉ်ကိုလည်း ဖွင့်လှစ်နိုင်အောင် စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ကြိုးပမ်းနေတာပါ။
ဒါကြောင့် အတင်းအဓမ္မ စစ်ထဲဆွဲသွင်းခံရသူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ အချိန်မီ ဘက်ပြောင်းခိုလှုံနိုင်မှသာ ကိုယ့်ဘဝကိုယ် ကယ်တင်နိုင်ကြမှာမို့ အခါအခွင့်သင့်တာနဲ့ အလင်းဝင်၊ လက်နက်ချကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ပြည်သူ့ပန်းတိုင်