မိုးဗြဲ ၊ ဇူလိုင် ၈
စစ်ကောင်စီတပ်ဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့တွေထဲက တချို့ကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် ခြေလျင်လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကိုသုံးပြီး ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသုတေသနအဖွဲ့အစည်းတွေနဲ့ CDM တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီရက်ပိုင်းအတွင်း မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အဓိကစစ်ကြောင်းတွေက မြို့ရဲ့ မြောက်ဘက်ခြမ်း သစ်ရာကုန်းရပ်ကွက်နဲ့ စည်ကား (၂) ရပ်ကွက်ကစလို့ လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူအချို့ ရယူကာ အဆင့်ဆင့် ခြေကုပ်ယူခဲ့တယ်လို့ သတင်းထုတ်ပြန်တာပါ။
ကရင်နီတပ်ပေါင်းစုတွေဖြစ်တဲ့ KNPP KNDF နဲ့ ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ကို စစ်ကောင်စီက ခြောက်လအတွင်း ထိုးစစ်ဆင်ခဲ့ပြီး ဇူလိုင် ၆ ရက်နေ့မှာ ပြန် လည်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဗိုးမြဲဒေသတစ်ဝိုက်ကို စစ်တပ်စစ်ကြောင်းတွေက အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter – Terrorism Operation) အမည်နဲ့ ၂၀၂၅ နှစ်ဦးပိုင်းကစပြီး အဆင့်ဆင့် ခြေကုပ်ယူ ချေမှုန်းဆောင် ရွက်ခဲ့တယ်လို့ ဇူလိုင် ၇ ရက်နေ့ထုတ် ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။
ဒါဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စိုးမိုးနယ်မြေတွေထဲက ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကို ခြေ လျင်ထိုးစစ်အပြင် လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကို အသုံးပြုပြီး သာလွန်အင်အားနဲ့ ထိုးစစ်အသွင် အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က စစ်ကောင်စီဟာ သာလွန်အင်အားနဲ့ နယ်မြေကျွမ်းတဲ့ ပအိုဝ်းပြည် သူ့စစ်အကူအညီကို ယူပြီး လက်နက်ပေါင်းစုံသုံးပြီး မိုးဗြဲကို တိုက်စစ်ဆင်တာလို့ ပြောပါတယ်။
“လက်ရှိ မိုးဗြဲကိုတော့ သူတို့ ထိန်းချုပ်လိုက်ပြီပေါ့။ သာလွန်အင်အားပေါ့။ အင်အားချင်း တူတယ်ဆိုရင်တောင် ခဲယမ်းနဲ့ ပစ်အားကို လှိုင်လှိုင်သွားတဲ့ သဘော။ ပြီးတော့ ပအိုဝ်းဖြူလို့ ခေါ်တဲ့ ပအိုဝ်းပြည်သူ့စစ်က ရှေ့ကနေ လမ်းပြတယ်။ နယ်မြေကျွမ်းတာကိုး။ အဲဒီအကူအညီနဲ့ ခဲယမ်းလက်နက် ကြီး လေကြောင်းဒရုန်းရော ဒုံးလက်နက်တွေနဲ့ရော သုံးပြီး ခြောက်လနီးပါး တိုက်စစ်ဆင်ရတယ်။ ဒါပေမယ့် ရာနှုန်းပြည့်တော့ မထိန်းချုပ်နိုင်သေးဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ မိုးဗြဲမြို့ပေါ် ရပ်ကွက် ၁၄ ခုမှာ ရပ်ကွက်တစ်ခုချင်းစီအလိုက် တော်လှန်ရေးအဖွဲ့တွေ အခိုင်အမာခံစစ်ပြုလုပ်ထားတဲ့ မြေပေါ်မြေအောက် ဘန်ကာတွေကို အချိန်ယူရှင်းလင်းပြီး စစ်ဆင်ရေးခြောက်လအတွင်း တိုက်ပွဲကြီးပေါင်း ၂၁၅ ကြိမ် ၊ ထိတွေ့မှုပေါင်းကြိမ် ၄၀၀ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ သူတို့စစ်တပ်ရဲ့ စစ်ကြောင်းတွေဟာ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့ကြား နယ်မြေရှင်း လင်းရေးတွေ လုပ်ဆောင်နေပြီး လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း ဆက်သွယ်ရေးလမ်းမကြီးကို မကြာမီအချိန်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီမံနေတယ်လို့ စစ်ကောင်စီက အသိပေးထားတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲကျင်းပမှာဖြစ်လို့ မဲဆန္ဒနယ်မြေ ပိုမိုရရှိရေးနဲ့ ဆုံးရှုံးနယ်မြေထဲက မြို့တွေ ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် နောင်ချိုမြို့အပါအဝင် မြို့ တချို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အဲဒီထဲက နောင်ချိုတိုက်ပွဲမှာတော့ စစ်ကောင်စီက သူတို့ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကပစထုတ် အတွဲလိုက်ပစ်ဒုံးလောင်ချာ (Multiple Launch Rocket Systems – MLRS) ကို စတင်အသုံးပြုနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MSDI က အသိပေးထားတာပါ။
အတွဲလိုက်ပစ်ဒုံးဟာ တပ်မအဆင့် ပစ်ကူပေးတဲ့ လက်နက်စနစ်ဖြစ်ပြီး ဧရိယာပစ်မှတ်တွေကို ပစ်ခတ်ချေမှုန်းဖို့ ဖြစ်ပြီး ရန်သူ့တပ်ဖွဲ့တွေ ထောက်ပံ့စခန်းနေရာတွေ လက်နက်ကြီးအခြေပြုနေရာတွေနဲ့ အမိန့်ပေးကွပ်ကဲမှုဌာနတွေ အစရှိတာတွေကို ချေမှုန်းတိုက်ခိုက်နိုင်တယ်လို့ MSDI က ဆိုပါတယ်။
ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်ကောင်စီအတွက် ပြန်လည်သိမ်းပိုက်ဖို့ ဒုတိယမြောက် တိုက်စစ်ဆင်လာမယ့် မြို့တွေထဲမှာ နောင်ချို၊ မိုးကုတ်နဲ့ သပိတ်ကျင်းထဲက တစ်မြို့မြို့တော့ ဖြစ်နိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။
“ဆုံးရှုံးပြီးနယ်မြေတွေကို ပြန်ပြီးတိုက်တဲ့နေရာမှာ နောင်ချိုရှိတယ် ပြီးရင် သပိတ်ကျင်းနယ်မြေရှိတယ် စဉ့်ကူးရှိတယ်။ အဓိက လောလောဆယ် တိုက်ခိုက်နေတာ အဲဒါတွေပေါ့။ တဆက်တည်းကြည့်လိုက်မယ်ဆိုရင် ဗန်းမော်က သူတို့ ခံစစ် ပုံမှန် ပြန်ဖြစ်လာတယ်။ အဲဒီထဲမှာတော့ နောင်ချို မိုးကုတ် သပိတ်ကျင်း ဒုတိယမြောက် သူတို့ တိုက်စစ်ဆင်လာမယ့် မြို့တွေထဲမှာ အဲဒီသုံးမြို့ ထဲက တစ်မြို့မြို့ တော့ ဖြစ်သွားနိုင်ခြေရှိတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်က မန္တလေး- မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် ခြေလျင်၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းပစ်ကူတွေကို ပေါင်းစပ်ပြီး အပြင်းအထန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
MDSI ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်နည်းဗျူဟာအပြောင်းအလဲကို စနစ်တကျ လေ့လာသုံးသပ်ပြီး စစ်မျက်နှာစာရဲ့ နောက်တန်းအခြေပြု လက်နက်ကြီးအထိုင်နေရာတွေကို ထိုးဖောက်ချေမှုန်းနိုင်တဲ့ တန်ပြန်စစ်နည်းဗျူဟာတွေကို ဖော်ဆောင်နိုင်ဖို့ အကြုံပြုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI