မော်လမြိုင် ၊ ဇူလိုင် ၈

မွန်ပြည်နယ်မှာ စစ်ကောင်စီ လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ် မစုဆောင်းပေးနိုင်တဲ့ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရာထူးကနေ အနားပေးခံနေရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံအနှံ့ ခုခံတော်လှန်စစ်တွေကြောင့် တပ်အင်အားလိုအပ်ချက် မြင့်မားနေတဲ့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းပြီးနောက် မွန်ပြည်နယ်မှာ လစဉ်နီးပါး စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေတာပါ။

အရင်က စစ်မှုထမ်းသင်တန်းအတွက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒေသတွင်းက ငွေကြေးမတက်နိုင်သူတွေကို အခကြေးငွေပေးပြီး လူစားထိုး အငှားခေါ်ယူလို့ရခဲ့ရာမှ အခုနောက်ပိုင်း စစ်မှုထမ်းသင် တန်းဆင်းတပ်သားတွေ ရှေ့တန်းကို တိုက်ရိုက် ပို့ဆောင်နေတဲ့အတွက် အငှားခေါ်ယူရ အခက်အခဲ ဖြစ်လာတာ ဖြစ်ပါတယ်။

အခုလို လူစားထိုး အငှား ခေါ်ယူရ အခက်အခဲ ဖြစ်လာပြီးနောက် စစ်ကောင်စီဟာ ရပ်ကွက်ကျေး ရွာအုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်းသင်တန်းအတွက် လိုအပ်တဲ့ တပ်သားသစ် အရေအတွက်ကို မရမက စုဆောင်းခိုင်းပြီး မစုဆောင်းနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေကိုတော့ ရာထူးမှ ဖြုတ်ချပြီး အနားပေးတာတွေ ပြုလုပ်လာတာပါ။

စစ်ကောင်စီနဲ့နီးစပ်သူ တစ်ဦးက စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ် မစုဆောင်းနိုင်တဲ့ အုပ် ချုပ်ရေးမှူးတွေကို ဖြုတ်ချတာဆိုရင် နယ်ဘက်ခြမ်းတွေမှာ အများဆုံး တွေ့ရတယ်လို့ ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်တာက နယ်ဘက်ခြမ်းမှာ အများဆုံး ဖြစ်နေတယ်။ စစ်မှုထမ်းအတွက် ပုံမှန် ပို့ပေးနေရတယ်လို့ ပြောတယ်။ သူတို့ တစ်ခါ တစ်ယောက် တစ်ပတ် ဆိုလို့ရှိရင် နှစ်ယောက်ဆို နှစ်ယောက်ပေါ့။ တချို့ကလည်း သူတို့ အဆင့်သင့် စုထားတဲ့ဟာတွေလည်း သူတို့ ထည့်ပေးတာပေါ့။ တချို့ ကလည်းကျတော့လည်း ဘယ်လို ပြောမလဲဆိုတော့ တခြား ဖြေရှင်းလို့ရတဲ့ နည်းလမ်းနဲ့ ဖြေရှင်းလိုက်တယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ် မစုဆောင်းနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ချနေတာကြောင့် တချို့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဒေသခံတွေကို ဆင့်ခေါ်ဖို့ ပြင် ဆင်မှုတွေ ပြုလုပ်နေသလို မဲနှိုက်ခိုင်းဖို့အတွက်လည်း လုပ်ဆောင်နေတာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ သူတို့ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို လစဉ်အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်း သင်တန်းအတွက် လူသစ်စုဆောင်းခိုင်းတာ၊ သတ်မှတ်လူအရေအတွက် ရရှိအောင် လုပ်ခိုင်းတာအပြင် နောက်သင်တန်းတွေအတွက်ပါ လူသစ် ကြိုတင်စုဆောင်းထားဖို့ ညွှန်ကြားထားတာပါ။

စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် ညအချိန်အပြင်ထွက်တဲ့ လူငယ်တွေကို ဖမ်းဆီးတာ၊ ဆိုင်ကယ် အမျိုးသား နှစ်ယောက်မစီးရ သတ်မှတ်ထားတဲ့ နေရာတွေမှာ နှစ်ယောက်စီးပါက ဖမ်းဆီးတာအပြင် လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကိုလည်း ဖမ်းဆီးပြီး တပ်သားသစ် စုဆောင်းလာတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၄ အထိ စစ်သားစုဆောင်းခံရသူပေါင်း ၂၃၀၀ ဝန်းကျင်အထိ ရှိလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.