ကျွန်းစု၊ ဇူလိုင် ၈

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မဲတော်ကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို သွား ရောက်ဖမ်းဆီးခဲ့ရာ အော်ဟစ်ဆဲဆိုပြီး ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က မဲတောကျေးရွာရှိ အသက် ၅၀ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက နေအိမ်မှာ သွားရောက် ဖမ်းဆီးခဲ့ရာ ထွက်ပြေးတိမ်းရှောင်ခဲ့တာပါ။

အဲဒီနောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဆက်လက်ရှာဖွေ ဖမ်းဆီးခဲ့ရာ ဦးမြင့်အောင်နဲ့ အပေါင်းအပါးတွေကို တွေ့ရှိခဲ့ပြီး တုတ်ဓားတွေနဲ့ ပြန်လည်ခုခံတာကြောင့် သေနတ်ပစ်ဖောက် ခြောက်လှန့်ခဲ့ကာ ဦးမြင့်အောင်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခဲ့ချိန်မှာလည်း ခန္ဓာကိုယ်အတွင်းက ဘီယာချမ်းအတို နှစ်ဘူး၊ သုံးလက်စ မူးယစ်ဆေးတွေနဲ့ ခဲပြားတွေကို တွေ့ရှိရတဲ့ပြင် ခေါ်ဆောင်လာရာ လမ်းတလျှောက်မှာလည်း အော်ဟစ်ဆဲဆိုပြီး ဆေးကြောင်နေကာ စိတ်ပုံမှန်မဟုတ်ဘူးလို့ ဆိုပါတယ်။

အဲဒီနေ့ ည ၁၀ နာရီခွဲအချိန်ခန့်မှာလည်း စစ်ကောင်စီရဲ့ စစ်သင်္ဘောတစ်စီးဟာ တော်လှန်ရေးတပ်ဖွဲ့တွေရှိရာဘက်ကို ပွိုင့်ဖိုက်သေနတ်နဲ့ ဦးတည်ပစ်ခတ်ကာ ချည်းကပ်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူ လှုပ်ရှားနေတာကို အခွင့်ကောင်းယူကာ ဆဲဆိုအော်ဟစ်ပြီး ထွက်ပြေးတဲ့အတွက် အခြေအနေအရ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။

ဦးအောင်မြင့်ဟာ မဲတောကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ ကိုယ်တိုင်သုံးစွဲတာအပြင် စစ်မှုထမ်းဥပဒေအတွက် အတင်းအဓမ္မ စစ်သားစုဆောင်းတာနဲ့ ငွေကြေးကောက်ခံတာတွေကို လုပ်ဆောင်နေတာကြောင့် ဖမ်းဆီးခဲ့ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီလက်အောက်ခံ လက်ပါးစေတွေအနေနဲ့ လက်ရှိလုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ ဆက်လက်လုပ်ဆောင်မယ်ဆိုပါက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း တနင်္သာရီတိုင်းမှာ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေရဲ့ ဒလန်ရှင်းလင်းရေးခေါင်းစဉ်ကြောင့် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အရပ်သား ၄ ဦး ရှိတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ရဲ့ အစီရင်ခံစာအရသိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.