ကျောက်မဲ၊ ဇူလိုင် ၈

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နဲ့ မိုးကုတ်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့ရတာကြောင့် အရပ်သားလေးဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက် ၉ နာရီအချိန်ခန့်မှာ မိုးကုတ်မြို့ ဂေါင်းဦးဘာရပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး တစ်လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံတွေဖြစ်တဲ့ ဒေါ်ခင်မျိုးထွေး၊ ဒေါ်ခင်ထားရီနဲ့ဦးလှသိန်းတို့ သေဆုံးခဲ့ပြီး အရပ်သားပြည်သူရှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။

အလားတူ ဒီကနေ့မှာ မနက်ပိုင်းမှာပဲ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းဘက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင်၂၅၀ ဗုံး နှစ်လုံး လာရောက်ကြဲချတိုက် ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဗုံးကြဲမှုကြောင့် အသက် ၅၆ နှစ်အရွယ် ဒေါ်မြင့်မြင့်သန်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး အောင်သက်ပိုင်၊ ဦးဝေ၊ ဒေါ်ပုပ်နဲ့ ဦးအိုက်ဆွယ်တို့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲမှုကြောင့် ကျောက်မဲမြို့နဲ့မိုးကုတ်မြို့တို့က နေအိမ် ၁၇ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့နဲ့မိုးကုတ်မြို့ ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ အသိပေးတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.