သံဖြူဇရပ်၊ ဇူလိုင် ၅

မွန်ပြည်နယ် သံဖြူဇရပ် မြို့မရဲစခန်းနဲ့ပန်းခြံအကြားမှာ ဗျောက်အိုးဖောက်ကစားတဲ့ လူငယ်သုံးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇူလိုင် ၃ ရက်နေ့ ည ၈ နာရီအချိန်ခန့်က အသက် ၁၆ နှစ်ကနေ ၂၂ နှစ်အကြားရှိတဲ့ လူငယ်သုံးဦးဟာ သံဖြူဇရပ်မြို့မရဲစခန်းအနီးမှာ ဗျောက်အိုးသုံးလုံး ဖောက်ကစားခဲ့တယ်လို့ သိရပါတယ်။

ဗျောက်အိုးဖောက်ကစားတဲ့ လူငယ်သုံးဦးကို ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးပြီး သံဖြူဇရပ်မြို့မရဲစခန်းထဲ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

ရဲစခန်းနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ အဲဒီလူငယ်သုံးဦးဟာ ဗျောက်အိုးမဖောက်တာကြာလို့ ဗျောက်အိုးဖောက်လိုက်တာဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

ရဲစခန်းအနီး ဗျောက်အိုးဖောက်ကစားခဲ့တဲ့ လူငယ်သုံးဦးကို ရဲတပ်ဖွဲ့က ဇူလိုင် ၄ ရက်နေ့ မနက်ပိုင်းမှာ ခံဝန်ကတိထိုးခိုင်းကာ သတိပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

သံဖြူဇရပ်မြို့ဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပေါက်ကွဲမှုတွေ နည်းပါးတဲ့ မြို့တစ်ခု ဖြစ်ပေမယ့် စစ်ကောင်စီဘက်က ဒေသန္တရအမိန့်ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.