ဘားအံ၊ ဇူလိုင် ၅
စစ်အုပ်စုရဲ့ အာဏာဆုပ်ကိုင်ရေးနဲ့ အတင်းအဓမ္မ အုပ်ချုပ်ရေးနည်းလမ်းဟာ နိုင်ငံ့ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မှာမဟုတ်သလို ဖွံ့ဖြိုးတိုးတက်လာမှာမဟုတ်ဘဲ စစ်အာဏာရှင် အဆုံးသတ်ဖို့အတွက် နည်းလမ်းအမျိုးမျိုးအသုံးပြုပြီး ဆန့်ကျင်ကြရမယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ဇူလိုင် ၅ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် ကရင်အမျိုးသားတပ်မတော်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက အခုလိုပဲ ပြောဆိုလိုက်တာဖြစ်ပါတယ်။
အာဏာရှင်စစ်တပ်ဟာ အာဏာတည်မြဲဖို့နဲ့ အကျိုးစီးပွားကို ထောက်ခံအားပေးဖို့ လူမျိုးရေးနဲ့ ဘာသာရေးကို အသုံးပြုနေသလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံရေးအာဏာတည်မြဲဖို့အတွက် အကာအကွယ်ပေးနိုင်မယ့် အဓိကခံတပ်အဖြစ် ထားရှိကိုင်စွဲကာ အာဏာနဲ့ အကျိုးစီးပွားကို တပ်မတော်အနေနဲ့ အဆင့်ဆင့်တာဝန်ယူ ကာကွယ်ပေးနေကြတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။
စစ်အုပ်စုဟာ သူတို့ရဲ့ အာဏာတည်မြဲဖို့နဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိဖို့ ကြိုးပမ်းနေပြီး စစ်ရေးနည်းဗျူဟာချမှတ်မှုနဲ့ နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းတွေကို အသုံးပြုနေသလို သံတမန်ရေးနဲ့ နိုင်ငံရေးနည်းလမ်းတွေကိုလည်း ချမှတ်အကောင်အထည်ဖော်နေပြီး လက်ရှိမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ နည်းလမ်းအမျိုးအမျိုးနဲ့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးတရားမျှတမှု၊ နိုင်ငံငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြန်လည်ရယူတည်ဆောက်နိုင်ဖို့အတွက် စစ်အာဏာရှင်နဲ့ အာဏာရှင်တွေကို ခုခံတော်လှန်နေကြတဲ့ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေအားလုံး လက်တွဲကာ အာဏာရှင်စနစ်ကို အတူတကွ ပူးပေါင်းတိုက်ဖျက်သွားရမှာဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပါတယ်။
ကရင်အမျိုးသားတွေအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးဟာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေတာဟာ မိမိတို့လူမျိုးရဲ့သမိုင်း၊ ပြည်ထောင်စုရဲ့ သမိုင်းကို ရေးသားနေခြင်းဖြစ်သည်သာမက နောင်အနာဂတ်မျိုးဆက်လူငယ်တွေအတွက် လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုမျှော်လင့်ချက် သမိုင်းအမွေ ပေးအပ်ခဲ့ခြင်းလည်းဖြစ်တယ်လို့ ပြောပါတယ်။
စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်တွေကို တော်လှန်နေကြတဲ့ အစုအဖွဲ့တွေအားလုံးနဲ့လည်း စစ်ရေးဆိုင်ရာပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်က အသိပေးလိုက်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media