ဘန်ကောက် ဇူလိုင် ၁
ကိစ္စရပ်တော်တော်များများမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းအစိုးရအတွက် နောက်ထပ် ထိုးနှက်တစ်ခုအဖြစ် ဝန်ကြီးချုပ် ပေသွန်ထန်ရှင်နာဝါထရာကို ဖွဲ့စည်းပုံတရားရုံးက ဇူလိုင် ၁ ရက်နေ့မှာ ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်နဲ့ နိုင်ငံရေးအရ အကဲဆတ်တဲ့ ဖုန်းခေါ်မှုပေါက်ကြားခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် ပေသွန်ထန်ဟာ ရိုးသားမှု မရှိခြင်းနဲ့ ဖွဲ့စည်းပုံကို ချိုးဖောက်ရာမှာ ကျင့်ဝတ်သိက္ခာစံနှုန်း တွေကို ကျူးလွန်ခဲ့တယ်ဆိုပြီး လွှတ်တော်အမတ် ၁၆ ယောက်ရဲ့ အသနားခံစာအပေါ် တရားရုံးက အခုလို အရေးယူ ဆောင်ရွက်လိုက်တာလည်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနဲ့နယ်စပ် ပြဿနာဖြစ်ပြီးနောက် ထိုင်းညွှန့်ပေါင်း အစိုးရအဖွဲ့ကနေ ဒုတိယ အကြီးမားဆုံးပါတီ ဖြစ်တဲ့ ဘွန်ဂျိုင်ထိုင်း ပါတီ နုတ်ထွက်သွားပြီးနောက် ဝန်ကြီးချုပ် ပေသွန်ထန်အပေါ် ဖိအား ပိုများလာခဲ့တာပါ။
ဒါပေမဲ့ ပေသွန်ထန်က သူ့မှာ လက်ကျန် ညွှန်ပေါင်းပါတီတွေနဲ့ ထောက်ခံမှု အပြည့်အဝ ရရှိထားတယ်လို့ ပြောထားပါတယ်။
ဝန်ကြီးချုပ် ဖြစ်လာပြီး ၁၀ လအကြာမှာ ပေသွန်ထန်ရဲ့ အခက်အခဲကြောင့် သူ့ရဲ့ဖူထိုင်းပါတီအနေနဲ့ ဆက်လက် ရှင်သန်ရေး ရုန်းကန်ရဖွယ် ရှိနေပါတယ်။

သူတို့ မိသားစုဟာ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို ၂၀၀၁ ခုနှစ်ကတည်းက ကြီးစိုးထားခဲ့တာ ဖြစ်ပါတယ်။
ဒီကြားထဲမှာတော့ စစ်အာဏာသိမ်းမှုတွေ၊ တရားရုံး ဆုံးဖြတ်ချက်တွေကြောင့် အစိုးရအဖွဲ့တွေ ပြုတ်ကျခဲ့ရပါတယ်။
နိုင်ငံရေး အတွေ့အကြုံမရှိဘဲ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာတဲ့ ပေသွန်ထန်နဲ့ တချိန်က ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးရဲ့ အရေးယူတာ ခံရဖူးတဲ့ ဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင်တို့ ရာထူးနေရာ ရရှိလာမှုဟာ ထိုင်းနိုင်ငံရေးလောကမှာ လူအများ ပြောစရာ ဖြစ်နေပါတယ်။
လက်ရှိ ထိုင်းအစိုးရဟာ စီးပွားရေး ပြန်လည် ခေါင်းထောင်လာစေရေး စိန်ခေါ်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ မတ်လ သူ့ကို လူထု ထောက်ခံမှု ၃၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ၉ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အနေနဲ့လည်း နန်းတော် စော်ကားမှုအပါအဝင် အမှုတွေ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
Ref:Reuters