ဝါရှင်တန် ဇူလိုင် ၁
နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေးအတွက် အမေရိကန်ရဲ့ အကူအညီ ဖြတ်တောက်မှုကြောင့် ၂၀၃၀ ပြည့်နှစ် မရောက်ခင် လူပေါင်း ၁၄ သန်းကျော် အသက်သေဆုံးနိုင်ကြောင်း The Lancet ဆေးဖက်ဆိုင်ရာ သုတေသနဂျာနယ်က ဇွန် ၂၉ ရက်မှာ ဖော်ပြပါတယ်။
အချိန်မတိုင်ခင် သေဆုံးနိုင်တဲ့ အန္တရာယ်ရှိသူတွေရဲ့ သုံးပုံ တစ်ပုံဟာ ကလေးငယ်လေးတွေ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ အကူအညီပေးရေး အမေရိကန်အေဂျင်စီ ဖြစ်တဲ့ USAID အစီအစဉ် အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို သမ္မတ ဒေါ်နယ် ထရန့်အစိုးရ ဖျက်သိမ်းလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက မတ်လမှာ ပြောကြားခဲ့တာပါ။
ဝင်ငွေနိမ့်ပါးတဲ့ နိုင်ငံတွေ ဝင်ငွေ အလယ်အလတ် ရှိတဲ့နိုင်ငံတွေဟာ ကမ္ဘာ့ကပ်ရောဂါ ဒါမှမဟုတ် ကြီးမားတဲ့ ပဋိပက္ခတွေကြောင့် ရုန်းကန်နိုင်ဖို့ ခက်ခဲမှာ ဖြစ်ကြောင်း အဲဒီ အစီရင်ခံချက်မှာ ရေးပါတယ်။
ရန်ပုံငွေ ထောက်ပံ့မှု ဖြတ်တောက်လိုက်တာကြောင့် ထိခိုက်လွယ်သူတွေကြား ကျန်းမာရေး စောင့်ရှောက်မှုပေးနေခဲ့တဲ့ ဆယ်စုနှစ် နှစ်နှစ်ကြာ တိုးတက်မှု အခြေအနေ ပြောင်းပြန် ဖြစ်သွားနိုင်တယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

စပိန်နိုင်ငံ ဆဗီးလ်မြို့မှာ ကုလသမဂ္ဂ ဦးဆောင်တဲ့ အကူအညီပေးရေး ညီလာခံသို့ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်နေချိန်မှာ အဲဒီအစီရင်ခံချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သုတေသီအဖွဲ့ရဲ့ နိုင်ငံပေါင်း ၁၃၃ နိုင်ငံကို လေ့လာမှုအရ ခန့်မှန်းထားမှုမှာ အမေရိကန်ရဲ့ နိုင်ငံတကာ အကူအညီပေးမှု မရပ်တန့်ခဲ့ဘူးဆိုပါက ၂၀၀၁ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်ကြား ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရှိတဲ့ လူပေါင်း ၉၁ သန်းကျော် မသေဆုံးနိုင်အောင် ကာကွယ်နိုင်လိမ့်မယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
အမေရိကန်အစိုးရဲ့ ကြေညာချက်အရ နိုင်ငံတကာ အကူအညီကို ၈၃ ရာခိုင်နှုန်းလျှော့ချမှာ ဖြစ်ကြောင်း ဖော်ပြထားတာကြောင့် လူသေဆုံးမှုနှုန်းကို ထိခိုက်နိုင်ကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။
လူပေါင်း ၁၄ သန်းကျော်ဟာ ၂၀၃၀ အတွင်း သေဆုံးမှုကို ရှောင်လွှဲနိုင်မှာ ဖြစ်ပေမယ့် ဒီလို အကူအညီ ဖြတ်တောက်မှုကြောင့် ရှောင်လွှဲနိုင်တော့မှာ မဟုတ်ဘူးလို့ အစီရင်ခံစာမှာ ရေးပါတယ်။
တစ်နှစ်ကို အသက် ၅ နှစ်အောက် ကလေးငယ် ၄ ဒသမ ၅ သန်း ဒါမှမဟုတ် ကလေးငယ် ၇ သိန်းလောက်ဟာ အမေရိကန်ရဲ့ နိုင်ငံတကာ အကူအညီ ဖြတ်တောက်မှုကြောင့် အသက်ဆုံးရှုံးရနိုင်ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။
Ref:BBC