ကော့သောင်း၊ ဇူလိုင် ၁

နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အခုနှစ်ဝက်အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် မန္တလေးတိုင်းလွှတ်တော်ဥက္ကဠ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာလည်း ကော့သောင်းအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းချခံထားရတဲ့ အသက် ၅၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားတစ်ဦး နာမကျန်းဖြစ်ကာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဦးအေးလွင်ဟာ နာမကျန်းဖြစ်တဲ့အချိန်မှာ အကျဉ်းထောင်တွင်းက နှစ်မိုင်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် အချိန်နဲ့တပြေးညီ လုံလောက်တဲ့ ဆေးဝါးကုသမှု မရရှိဘဲ ဆေးရုံမှာ အရေးပေါ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက လက်တလောအခြေအနေအရ အကျဉ်းထောင်တွင်း သေဆုံးမှုတွေဟာ အာဏာသိမ်းပြီနောက်ပိုင်း လျှော့ကျသွားတဲ့နှစ်ကို မရှိဘဲ တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလားတူ ဇွန် ၂၇ ရက်နေ့ကလည်း အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ အသက် ၆၉ နှစ်အရွယ် မန္တလေးတိုင်း လွှတ်တော် ဥက္ကဠ ဦးအောင်ကျော်ဦးဟာ ပန်းနာရင်ကြပ်ရောဂါနဲ့ အမောဖောက်ရောဂါတွေနဲ့ အကျဉ်းထောင်အတွင်း သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ စုစုပေါင်း ၂၂ ဦး ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.