တဲလ်အဗစ်၊ ဇွန် ၂၈
နှစ်နိုင်ငံကြား ၁၂ ရက် စစ်ပွဲအတွင်း အစ္စရေးက အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို သုတ်သင်ရှင်းလင်းပစ်ဖို့ ဖြစ်နိုင်ခြေရှိခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ်က ဇွန် ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
“ခါမေနီသာ ကျွန်တော်တို့ မြင်ကွင်းထဲမှာ ရှိခဲ့ရင် သူ့ကို ကျွန်တော်တို့ ရှင်းလင်းပစ်ခဲ့လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”ဆိုပြီး အစ္စရေး ကာ့ဇ်က အစိုးရရုပ်သံလိုင်းနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုအတွင်း ပြောခဲ့တာပါ။

ဒါပေမဲ့ ခါမေနီက ဒါကို သဘောပေါက်ပြီး မြေအောက် ဟိုးအနက်ကြီးထဲမှာ တိမ်းရှောင်နေခဲ့တာကြောင့် သူ့ရဲ့ တပ်မှူးတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေခဲ့တယ်လို့ ကာ့ဇ်က ပြောပါတယ်။
စစ်ပွဲအစ ဇွန် ၁၃ ရက်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန် ထိပ်တန်း စစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့ နျူကလီးယား သိပ္ပံပညာရှင် အများအပြား သေဆုံးခဲ့ရပါတယ်။
စစ်ပွဲရဲ့ ရလဒ်အဖြစ် အစိုးရ အပြောင်းအလဲ ဖြစ်သွားနိုင်သလို ခါမေနီ သတ်ဖြတ်ခံရနိုင်ခြေနဲ့ ပတ်သက်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်တို့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပါတယ်။

အီရန် ထိပ်တန်း စစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေ ရှင်းလင်း သုတ်သင်ခံရတာဟာ အီရန်နိုင်ငံတွင်းမှာ လှုပ်ရှားနေတဲ့ အစ္စရေး သူလျှိုတွေရဲ့ သတင်းပေးမှုကြောင့် ဖြစ်တယ်လို့ တီဟီရန် အရာရှိတွေက ပြောပြီး သူလျှိုလို့ သံသယရှိသူ အများအပြားကို ဖမ်းဆီး ကွပ်မျက်နေပါတယ်။
အီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ ငြိမ်းချမ်းရေး သက်သက် အတွက် ဖြစ်တယ်လို့ အကြိမ်ကြိမ် ပြောထားပေမယ့် ယူရေနီယံ သန့်စင်မှုကို နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့်နီးပါး အထိ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုများပြီးနောက် အီရန်မှာ ရေဒီယို သတ္တိကြွမှုတွေ မတွေ့ရဘူးလို့ ပညာရှင်တွေက ပြောထားချိန်မှာ အီရန် နိုင်ငံခြားရေးဝန်ကြီးက နျူကလီးယား စက်ရုံတွေ ပြင်းပြင်းထန်ထန် ထိခိုက် ပျက်စီးသွားကြောင်း ဝန်ခံထားပါတယ်။
အခုလို စက်ရုံတွေ ထိခိုက် ပျက်စီးသွားပေမယ့် ယူရေနီယံ သန့်စင်မှုကို လုံးဝ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ အီရန်က ပြောထားပါတယ်။
Ref:Reuters