လောင်းလုံး၊ ဇွန် ၂၈

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံ အမျိုး သားနှစ်ဦးကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီးနောက် လည်လှီးသတ်ဖြတ်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ကစလို့ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးခဲ့တာပါ။

အဲဒီစစ်ကြောင်းဟာ သဗျာကျေးရွာနေ အသက် ၅၀ ကျော်အရွယ် ဦးလှဝင်းနဲ့ ကညုံကျွန်းကျေးရွာနေ ဦးမျိုးဇော်အောင်တို့ကို ဖမ်းဆီးပြီးနောက် လည်လှီးသတ်ဖြတ်သွားတာ ဖြစ်ပါတယ်။

လည်လှီးသတ်ဖြတ်ခံရတဲ့ ဒေသခံ နှစ်ဦးရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ် စစ်ကြောင်းပြန်ထွက်သွားတဲ့ ဇွန် ၂၆ ရက်နေ့မှာ ဒေသခံတွေက ပြန်လည်တွေ့ရှိခဲ့တာပါ။

ဒါပေမယ့် စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးသွားတဲ့ ကညုံကျွန်းကျေးရွာခံသုံးဦးကိုတော့ ပြန်လည်တွေ့ရှိခြင်း မရှိသေးတဲ့အတွက် မိသားစုဝင်တွေက သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် လောင်းလုံးမြို့နယ်က ကျေးရွာပေါင်း ၅ ရွာထက်မနည်း ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.