မော်လမြိုင် ၊ ဇွန် ၂၈

စစ်ကောင်စီ အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ အခုနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးငယ်တွေ ပျောက်ဆုံးမှု ပိုများလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပျောက်ဆုံးသူအများစုဟာ လမ်းထွက်ရင်း ပျောက်ဆုံးတာ၊ လူတစ်စုကဖမ်းဆီးသွားတဲ့ ပုံစံပျောက် ဆုံးတာ၊ အိမ်ကလူကြီး မိဘနဲ့ စိတ်ဆိုးပြီး ပျောက်ဆုံးတာအပြင် သူစိမ်းတွေခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးမှုတွေ ရှိလာတာပါ။

ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်တွေဟာ အသက် ၁၄ နှစ်ကနေ ၁၉ နှစ်အရွယ်အတွင်းရှိတဲ့ သူတွေဖြစ်ပြီး အဲဒီထဲမှာ ကျောင်းသူတွေလည်း ပါဝင်သလို အခုဇွန်လအတွင်း အမျိုးသမီးငယ်ပျောက်ဆုံးမှု ငါးမှုထက်မနည်း ရှိနေပါတယ်။

မော်လမြိုင်မြို့ခံတစ်ဦးကတော့ အမျိုးသမီးငယ် ပျောက်ဆုံးမှုတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်နေပြီး ပျောက်ဆုံးသူတွေထဲမှာ အဝေးတစ်နေရာက သူစိမ်းတွေခေါ်လို့ ပျောက်ဆုံးတာရှိသလို ညဘက် ကလပ်တွေသွားရောက်ပြီး အိမ်မပြန်ရဲဘဲ ပျောက်ဆုံးသွားတာတွေ ရှိတယ်လို့ ပြောပါတယ်။

“အခုဒီတစ်လောအတွင်းမှာ ဆက်တိုက်ကြီးကို ဖြစ်နေတာပေါ့။ အများစုကတော့ သက်ငယ်ပိုင်း မိန်းကလေးတွေ များတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ပျောက်လဲဆိုတော့ အကြောင်းအမျိုးမျိုးတော့ ရှိတာပေါ့။ တချို့ ဆိုရင်တော့ သူငယ်ချင်းကလေးတွေ သုံးလေးယောက်လောက် စုပြီးတော့ အဝေးတစ်နေရာကနေ တစ်စုံတစ်ယောက်နဲ့ ချိတ်ဆက်ပြီးတော့ ခေါ်လို့ ဆိုပြီးတော့ သွားကြမယ့်ပုံစံမျိုးလည်း တွေ့တယ်။ နောက်တစ်ခုက မော်လမြိုင်မြို့မှာ Night Life တွေက နည်းနည်းလေး များတာပေါ့နော်။ အပြင်ထွက်လည်း ပြီးတော့ သူငယ်ချင်းတွေနဲ့ အိပ်တာတို့ ပြုတာမျိုးတို့ အဲဒီလိုမျိုးတွေ ပျောက်တာ များတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် တချို့ အမျိုးသမီးငယ်တွေအနေနဲ့ စွန့်စားပြီး အလုပ်ထွက်လုပ်မယ်ဆိုကာ ပျောက်ဆုံးသွားတာရှိသလို တချို့ တစ်ဦးချင်း ပျောက်ဆုံးတာအပြင် အုပ်စုလိုက် ပျောက်ဆုံးသွားတာတွေပါ တွေ့လာရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသတွင်းမှာတော့ အမျိုးသမီးငယ်တွေ ပျောက်ဆုံးလို့ တိုင်ကြားပါက စစ်ကောင်စီ လက်ညအောက်ခံ ရဲတပ်ဖွဲ့က လုံခြုံရေး အကြောင်းပြချက်နဲ့ ကူညီရှာဖွေပေးတာ မရှိသလို လူပျောက် မှတ်တမ်း ယူထားယုံလောက်သာရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မြို့အတွင်း နေရာအနှံ့ CCTV ကင်မရာတွေ တပ်ဆင်ပြီး စောင့်ကြည့်နေတာ၊ မြို့ဝင်မြို့ထွက်အပြင် မြို့တွင်းပိုင်းတွေကအစ ပိတ်ဆို့ ရှာဖွေတာတွေ ပြုလုပ်ပေမယ့် ပြည်သူတွေဟာ လူပျောက်ဆုံးပါက ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ရှာဖွေနေရတာပါ။

အမျိုးသမီးငယ်တွေ ပျောက်ဆုံးမှုများလာတဲ့အတွက် တဖက်နိုင်ငံတွေကို လူကုန်ကူးခံရမှာ၊ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှာတွေအပြင် ပစ္စည်းယူ သတ် ဖြတ်တာတွေကအစ ဖြစ်နိုင်တာကြောင့် စိုးရိမ်မှုတွေ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မော်လမြိုင်မြို့မှာတော့ ပြီးခဲ့တဲ့ မေလအတွင်းကလည်း အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲ ပုံစံ ပျောက် ဆုံးတာ၊ အမျိုးသမီးငယ်တချို့ လမ်းသွားရင် ပျောက်ဆုံးတာတွေ ရှိခဲ့တဲ့အပြင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပျောက်ဆုံးပြီးနောက် သေဆုံးလျက် ပြန်လည်တွေ့ရှိတာ ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.