တီဟီရန်၊ ဇွန် ၂၇
မကြာသေးခင်က နှစ်နိုင်ငံကြား စစ်ဖြစ်ခဲ့ပြီးနောက် အီရန်အရာရှိတွေက အစ္စရေး ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိသူ အများအပြားကို ဖမ်းဆီးပြီး ကွပ်မျက်မှုတွေ ပြုလုပ်နေပါတယ်။
အီရန် လုံခြုံရေးဌာနတွေထဲကို အစ္စရေး မကြုံစဖူး ထိုးဖောက်ဝင်ရောက်နေတယ်လို့ အီရန် အရာရှိတွေက ပြောကြားပြီးနောက် အခုလိုမျိုး လူအများကို ဖမ်းဆီးပြီး ကွပ်မျက်နေတာ ဖြစ်ပါတယ်။

စစ်ပွဲအတွင်း အီရန် ထိပ်တန်းအရာရှိ အများအပြား လုပ်ကြံသတ်ဖြတ်ခံရမှုဟာ အစ္စရေးရရှိခဲ့တဲ့ ထောက်လှမ်းရေးသတင်းတွေနဲ့ အများကြီး သက်ဆိုင်နေတယ်လို့ အီရန် အာဏာပိုင်တွေက သံသယရှိနေတာပါ။
လုပ်ကြံသတ်ဖြတ်ခံရသူတွေထဲမှာ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ရဲ့ တပ်မှူးတွေ၊ ထိပ်တန်း နျူကလီးယား သိပ္ပံပညာရှင်တွေ ပါဝင်ပြီး အစ္စရေးရဲ့ ထောက်လှမ်းရေးဌာန မောဆက်က မိမိတို့နိုင်ငံတွင်းမှာ လှုပ်ရှားနေတာကြောင့် သူတို့ရဲ့ တည်နေရာတွေကို အစ္စရေး သိရှိခဲ့တာ ဖြစ်တယ်လို့ အီရန် အရာရှိတွေက ပြောပါတယ်။

၁၂ ရက်ကြာ စစ်ပွဲအတွင်း အီရန်အရာရှိတွေက အစ္စရေးအတွက် လျှို့ဝှက် ထောက်လှမ်းပေးနေတယ်လို့ သံသယရှိသူ ၃ ဦးကို ကွပ်မျက်ခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲပြီး တစ်ရက်အကြာ ဇွန် ၂၅ ရက်မှာ နောက်ထပ် ၃ ဦးကိုလည်း အလားတူ စွဲချက်တွေနဲ့ ကွပ်မျက်ခဲ့ပါတယ်။
နောက်ထပ် အစ္စရေး သူလျှိုလို့ စွပ်စွဲခံရတဲ့ နိုင်ငံတဝန်းက လူရာပေါင်းများစွာကိုလည်း အီရန် အရာရှိတွေက ဖမ်းဆီးထားပါတယ်။
ဖမ်းဆီးခံထားရသူတွေက အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဝန်ခံထားတယ်ဆိုတဲ့ အထောက်အထားတွေကို အီရန် နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။
အီရန်ဟာ အတင်းအကြပ် ဝန်ခံခိုင်းပြီး မမျှမတ တရားစီရင်မှု ရာဇဝင်ရှိတာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။
နောက်ထပ် ဖမ်းဆီးကွပ်မျက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
အီရန်အစိုးရက အစ္စရေးနဲ့ ဆက်စပ်မှုကို အကြောင်းပြပြီး အစိုးရဆန့်ကျင်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။
အီရန် ထောက်လှမ်းရေးဌာနက စီအိုင်အေ၊ မောဆက်နဲ့ အမ်အိုင်ဆစ်တို့ အပါအဝင် နိုင်ငံခြားထောက်လှမ်းရေး ကွန်ရက်တွေကို အညှာအတာမဲ့ နှိမ်နှင်းနေတယ်လို့ ပြောပါတယ်။
အီရန် ထောက်လှမ်းရေးနဲ့ လုံခြုံရေးတပ်တွေက နိုင်ငံခြား ထောက်လှမ်းရေး ကွန်ရက်တွေနဲ့ ဆက်နွယ်နေသူ ၇၀၀ အထိ ဖမ်းဆီးထားတယ်လို့ Fars News Agency က ဖော်ပြထားပါတယ်။
Ref:BBC