မကွေး ဇွန် ၂၇

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁၅ အတွက် ငွေကြေးကောက်ခံနေပြီဖြစ်ပြီး ငွေကြေးမတတ်နိုင်သူတွေ ချေးငှား​ ထည့်ဝင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေကတဆင့် ကျေးရွာတွေမှာ အဓမ္မ ကောက်ခံနေတာဖြစ်ပြီး မဖြစ်မနေပေးရမယ်လို့ ဆိုတာကြောင့် ချေးငှားပေးနေရတယ်လို့ သိရပါတယ်။

“မရှိတဲ့လူတွေလည်း မရဘူး။ ဒီကောင်က အတင်းတောင်းတာခင်ဗျားတို့ ဒီလောက် ပိုက်ဆံလေးနဲ့ တော်တော်မွဲနေလား ဘာလားနဲ့ တစ်အိမ်မကျန် အကုန် သူက စစ်ပေးတာ အခုဆို နိုင်ငံခြားမှာနေတဲ့သူတွေရောထည့်ရပါမယ်တဲ့”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်မှုထမ်းကြေးအတွက် တစ်အိမ်ထောင်ကို ကျပ် ၁၅၀၀၀ ကနေ ကျပ် ၅၀၀၀၀ ဝန်းကျင်အထိ ကောက်ခံတယ်လို့ သိရပါတယ်။

အပတ်စဉ်တိုင်း ကျေးရွာတွေကို အုပ်ချုပ်ရေးမှူးနဲ့ ပဏ္ဏာစားသူတွေက လာရောက် ကောက်ခံတာဖြစ်ပြီး အပတ်စဉ် ၁၅ အတွက် အခုလ ၃၀ ရက်နေ့ နောက်ဆုံးထားပေးဆောင်ရမယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာတော့ အုပ်ချုပ်ရေးမှူးတစ်ဦးက လ.ဝ.က ရုံးကို အကြွေး ၂၆ သိန်းပေးစရာရှိတာကြောင့် တစ်အိမ်မကျန် မဖြစ်မနေပေးရမယ်ဆိုပြီး ကောက်ခံနေတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ ၂ ကိုမဲနှိုက်ရွေးချယ်ပြီးနောက်ပိုင်း နောက်အပတ်စဉ်တွေအတွက် မဲမနှိုက်တော့ဘဲ ပျူစောထီးတွေကိုသာ စစ်မှုထမ်းထဲထည့်ကာ စစ်ကောင်စီက အဲဒီ စစ်မှုထမ်းကောက်ခံရရှိတဲ့ ငွေကြေးတွေကို ပျူစောထီးတွေနဲ့အချိုးကျခွဲဝေယူနေတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.