ပုလော၊ ဇွန် ၂၅
တနင်္သာရီတိုင်း ပုလောမြို့နယ်အခြေစိုက် အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တိုင်းဗဟို-၁၂) မှာ စစ်မှုထမ်းသင်တန်းတက်ရောက်နေတဲ့ လူငယ်လေးဦး ထွက်ပြေးခိုလှုံလာတယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
အမှတ် ၁၂ တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် စစ်သားစုဆောင်းခြင်းခံရပြီး သင်တန်းတက်ရောက်နေတဲ့ လူငယ်လေးဦးဟာ ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်မှာ ထွက်ပြေးခဲ့တာပါ။
သူတို့လေးဦးဟာ အသက် ၂၀ မှ ၃၀ ကြား အမျိုးသားတွေဖြစ်ပြီး ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်း ကုန်သွားတာကြောင့် ဖမ်းဆီးခံရကာ မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ခံရပြီး စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရကာ ပလောက်မြို့ တကက ၁၂ ကို ပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် တကက ၁၂ မှာ စစ်မှုထမ်းသင်တန်း အပတ်စဉ်အတွက် သင်တန်းတက်ရောက်နေစဉ် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံကို ခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက အကောင်းဆုံး ကူညီစောင့်ရှောက်ထားပြီး ကျန်ရှိနေတဲ့ လူငယ်တွေအနေနဲ့ စစ်ကောင်စီရဲ့ မတရားဖိနှိပ်မှုအောက်မှ ရုံးထွက်ကြဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကလည်း ပုလောမြို့နယ် ခလရ ၁၇ တပ်ရင်းက တပ်ကြပ်စာရေး (အကူ) တစ်ဦးနဲ့ ဒုတပ်ကြပ်ကြီးတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း