မြဝတီ၊ ဇွန် ၂၅

ကရင်ပြည်နယ် မြဝတီခရိုင် ထီးကပလယ်စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင် စီတပ်သားတွေကို KNLA KNDO ပူးပေါင်းတပ်ဖွဲ့က လိုက်လံရှင်းလင်းချေမှုန်းတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ထိုင်းနယ်စပ်နားမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ထီးကပလယ်စခန်းကို KNLA KNDO ဦးဆောင်ပြီး PDF ပူးပေါင်းတပ်တွေပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က ဇွန် ၂၂ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တာပါ။

ထီးကပလယ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို KNLA KNDO ပူးပေါင်းတပ်ဖွဲ့က လိုက်လံရှင်းချေမှုန်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအချို့ ဖမ်းဆီးရမိတာတွေရှိသလို လက်နက်ကြီးလက်နက် ငယ်တွေအပါအဝင် စစ်လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

ထီးကပလယ်စခန်းဟာ မြဝတီခရိုင် ဝေါ်လေမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ထိုင်းနယ်စပ်နားမှာတည်ရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့က စတင်ကာ KNLA KNDO ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ရာ ဇွန် ၂၂ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ မာနယ်ပလောကနေ ဆုတ်ခွာရပြီးနောက် ထီးကပလယ်စခန်းကို ၁၉၉၅ ခုနှစ်မေလမှာ ဌာနချုပ်အသစ်အဖြစ် ပြောင်းရွှေ့တည်ထောင်ခဲ့ပေမယ့် စစ်တပ်က ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလမှာ ထပ်မံတိုက်ခိုက်သိမ်းပိုက်ခံခဲ့ရတာပါ။

KNLA KNDO ပူးပေါင်းတပ်ဖွဲ့က ကရင်ပြည်နယ် ဝေါ်လေဒေသထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အခုနှစ်ထဲမှာ တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ လက်ရှိမှာတော့ ဝေါ်လေဗျူဟာနဲ့ ဥကရစ်ထစခန်းအပါအဝင် စခန်း ၃ ခုသာ ကျန်ရှိတော့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.