“စစ်ကောင်စီဘက်က မတရား ဖမ်းဆီးသတ်ဖြတ်တာတော့ ပုံမှန်အတိုင်း ရှိနေဆဲပေါ့နော်။ တစ်လကို တနင်္သာရီတိုင်းထဲမှာ အရပ်သား ၁၀ ယောက် ဝန်းကျင်ကတော့ ပုံမှန်အတိုင်း ဖမ်းဆီးသတ်ဖြတ်ခံရတာရှိတယ်” – ကိုဇော် (FE5 Thanintharyi)
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မေလအတွင်း တိုက်ပွဲနဲ့ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၈၀၈၀၀ ကျော်အထိရှိလာတယ်လို့ FE5 Thanintharyi က သတင်းထုတ်ပြန်ပါတယ်။
တစ်လအတွင်း တိုက်ပွဲ ၃၉ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့တဲ့အပြင် လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
လက်ရှိ တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေကြား စစ်ရေးအခြေအနေ ဘယ်လိုရှိနေပါသလဲ။ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေကတော့ ဘယ်လို ဆက်ရှိနေလဲ။ သတ်ဖြတ်ခံရမှုတွေကရော ဘယ်လောက်အထိ ဆိုးရွားနေလဲဆိုတာ သိရဖို့ တနင်္သာရီတိုင်းအတွင်းက အခြေအနေတွေကို မှတ်တမ်းတင်နေတဲ့ FE5 Thanintharyi ရဲ့ အယ်ဒီတာ ကိုဇော်နဲ့ သံလွင်တိုင်းမ်က တွေ့ဆုံမေးမြန်းထားပါတယ်။
မေး – အရင်ဦးဆုံးအနေနဲ့ လက်ရှိ တနင်္သာရီတိုင်းရဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ပြောပြပေးပါ ခင်ဗျာ။
ဖြေ – လက်ရှိမှာက တနင်္သာရီတိုင်းရဲ့ အခြေအနေက ဘယ်လိုရှိလဲဆိုတော့က ကျွန်တော်တို့ ဒီတိုက်ပွဲ ပြင်းထန်တဲ့ မြို့နယ်တွေရှိတယ်ပေါ့လေ။ တိုက်ပွဲ အရမ်းပြင်းထန်နေတဲ့ မြို့နယ်တွေရှိတယ်။ နောက်ပြီး တိုက်ပွဲ ပုံမှန်ဖြစ်နေတဲ့ မြို့နယ်တွေ ရှိတယ်ပေါ့နော်။
ဆိုတော့ အားလုံးခြုံပြောရမယ်ဆိုရင်တော့ တိုက်ပွဲဖြစ်နေတဲ့ နေရာက အများစု ဖြစ်နေတယ်ပေါ့လေနော်။ အဓိကအားဖြင့် တိုက်ပွဲမရှိသလောက် ဖြစ်နေတဲ့ နေရာက မြိတ်မြို့ပေါ် ဒေသတွေရှိမယ်။
နောက်ပြီးတော့ ကော့သောင်းမြို့နယ် ရှိမယ်ပေါ့နော်။ ဟို ထားဝယ်မြို့ဆိုရင်တော့ စစ်ကောင်စီတိုင်း ရုံးရှိတဲ့ ထားဝယ်မြို့တောင် ဒီစစ်ရေး စစ်ငွေ့သန်းလာတဲ့ အခြေအနေရှိတယ်ပေါ့နော်။
မေး – မိုးတွင်းကာလလည်း ရောက်လာပြီဆိုတော့ တိုင်းထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တဲ့ အခြေအနေရော ဘယ်လိုရှိလဲ။
ဖြေ – ကျွန်တော်တို့ မိုးတွင်းကာလလည်း ရောက်လာပြီးဆိုတော့ တိုင်းထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုကတော့ ကျွန်တော်တို့ ဒီပုံမှန်အတိုင်းပဲ ရှိနေတဲ့ အနေအထား ရှိနေသေးတယ်။
ပုံမှန်အနေအထားဆိုတာက ကျွန်တော်တို့ အရင် ပွင့်လင်းရာသီတုန်းကထက် နည်းနည်းပဲ အကြိမ်ရေ လျော့ပြီးတော့ကာ ဗုံးကြဲ တိုက်ခိုက်တာတွေက ခပ်စိပ်စိပ် ဖြစ်နေတယ်ပေါ့နော်။
အထူးသဖြင့်ဆိုရင် ဒီစစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက တက်သိမ်းတဲ့ အချိန်တွေ တိုက်နေတဲ့အချိန်တွေ နောက်ပြီး အဲဒီလိုမျိုး တိုက်ပွဲမရှိတဲ့ အချိန်ဆိုရင်လည်း တော်လှန်ရေးတပ်တွေ ရှိတယ်လို့ ယူဆရတဲ့ ကျေးရွာတွေထဲကို ဗုံးကြဲတိုက်ခိုက်တာတွေက ခပ်စိပ်စိပ် ရှိနေတယ်ပေါ့နော်။
မေး – လက်ရှိ တနင်္သာရီတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွားတဲ့ စစ်ရေးအခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ – ကျွန်တော်တို့ ဒီလက်ရှိ တနင်္သာရီတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲဖြစ်ပွားတဲ့ စစ်ရေးအခြေအနေကတော့ အထက်က ပြောခဲ့သလိုပဲ ဒီမြို့နယ်အလိုက်ပေါ့လေနော်။
ဥပမာဆိုရင် တနင်္သာရီတိုင်းက ၁၀ မြို့နယ် ရှိတဲ့ထဲမှာဆိုရင် တိုင်းစစ်ကောင်စီ တိုင်းရုံးစိုက်တဲ့ ထားဝယ်မြို့မှာတောင် စစ်ရေး စစ်ငွေ့သန်းလာတယ်။ နောက်ပြီး မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်လာတယ်။
နောက်ပြီးတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတာပေါ့လေနော်။ ကျန်တဲ့ ထားဝယ်ခရိုင်ထဲမှာ လေးမြို့နယ် ရှိတယ်ပေါ့လေ။
အဲဒီလိုဆိုရင် ထားဝယ် လေးမြို့နယ်ထဲမှာတောင် ကျွန်တော်တို့ ထားဝယ် တိုင်းမြို့တော်ဖြစ်တဲ့ ထားဝယ်မှာတောင် ဖြစ်နေတယ်ဆိုတော့ ကျန်တဲ့မြို့နယ်တွေ အကုန်လုံး ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း အဲဒီမြို့နယ်တွေမှာလည်း တိုက်ပွဲတွေက ဖြစ်နေတယ်ပေါ့လေနော်။
မြိတ်ခရိုင်အနေနဲ့ ကြည့်မယ်ဆိုရင် မြိတ်ခရိုင်ထဲမှာ လေးမြို့နယ် ရှိတယ်ပေါ့လေနော်။ မြိတ်ခရိုင်ထဲမှာဆိုရင်လည်း မြိတ်မြို့မှာကျတော့ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် အခြေပြုထားတယ်ပေါ့နော်။ သူတို့အခြေပြုထားတယ်ဆိုတော့ ကျန်တဲ့ အဲဒီမြိတ်မြို့ပေါ် ဒေသကလွဲရင် ကျန်တဲ့ဒေသ အကုန်လုံးက တိုက်ပွဲဖြစ်နေတဲ့ အနေအထားမှာ ရှိတယ်ပေါ့လေနော်။
နောက်တစ်ခုက ကော့သောင်းခရိုင်ပေါ့လေနော်။ ကော့သောင်းခရိုင်ကျတော့က ဒီကော့သောင်းမြို့နယ်ကျတော့က တိုက်ပွဲက နည်းတယ်ပေါ့လေနော်။
အခြားမြို့နယ်တွေထက်စာရင် နည်းတယ်။ ဒါပေမယ့် ဘုတ်ပြင်းမြို့နယ်မှာဆိုရင် ဘုတ်ပြင်းမြို့ပေါ်မှာတောင် တိုက်ပွဲတွေ ဖြစ်တာ တော်လှန်ရေးတပ်တွေက ဝင်ထွက်သွားလာတာတွေက ပုံမှန်ရှိနေတာပေါ့နော်။
မေး – တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ တဖြည်းဖြည်း ပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင်တွေဟာ အရင်ကထက် ပိုမိုတိုးလာသလို ကလေးငယ်တွေရဲ့ ပညာသင်ကြားရေးကရော ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရလဲ။
ဖြေ – တနင်္သာရီတိုင်းမှာ တိုက်ပွဲတွေ တဖြည်းဖြည်းပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်ဘေးရှောင်တွေက အရင်ကထက် ပိုတိုးလာသလိုပဲ ကလေးငယ်တွေရဲ့ ပညာသင်ကြားရေးကရော ဘယ်လိုအခြေအနေ အခက်အခဲတွေ ရင်ဆိုင်နေရလဲပေါ့နော်။
ဆိုတော့ စစ်ဘေးရှောင်တွေလည်း တိုးလာတယ်။ နောက်ကလေးတွေရဲ့ ပညာသင်ကြားရေးကျတော့က ကျွန်တော်တို့ ဒီလက်ရှိဆိုရင် နယ်တွေဘက်မှာဆိုရင်လည်း ဒီနယ်မြို့နယ်တွေပေါ့နော်။ မြို့နယ်တွေမှာကျတော့လည်း ဒီစာသင်ကျောင်းတွေက အကုန်ပိတ်ထားဆဲ အခြေအနေ ရှိတယ်ပေါ့နော်။
တစ်ဖက်မှာလည်း ဒီ NUG ရဲ့ မြေပြင်ကျောင်းတွေရှိတယ်။ အွန်လိုင်းကျောင်းတွေ ရှိတယ်ပေါ့လေနော်။ ဒါပေမယ့် လက်ရှိ ကျွန်တော်တို့ ဒီလက်ရှိမှာ ဒီစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ အခြားဒေသတွေမှာ ပေါ့လေနော်။
ဗုံးကြဲတိုက်ခိုက်တာတွေက ခပ်စိပ်စိပ် ရှိတဲ့အတွက်က ဒီကျွန်တော်တို့ တနင်္သာရီတိုင်းထဲက မြို့နယ်အများစုမှာရှိတဲ့ မြေပြင်ကျောင်းတွေက နားလိုက်တဲ့ ကျောင်းတွေလည်း နားထားကြတယ်ပေါ့နော်။
တစ်ဖက်မှာလည်း ဘာအခက်အခဲ ရှိလည်းဆိုတော့က ကျွန်တော်တို့က သင်ထောက်ကူပစ္စည်းတွေ ဝယ်ဖို့အတွက် အခက်အခဲတွေ ရှိတယ်ပေါ့နော်။ ဝယ်ပြီးရင် သယ်ယူပို့ဆောင်ရေးအတွက်က ဒီစစ်ကောင်စီဂိတ်တွေက လမ်းမှာ စစ်ဆေးတာတွေ ကန့်သတ်တာတွေ နောက်ဖမ်းဆီးတာတွေ တောက်လျှောက် ရှိနေတဲ့အတွက်က အဲဒီ သင်ထောက်ကူပစ္စည်းပေါ့နော်။
သင်ပုန်းတို့ စာရေးကိရိယာတို့ အဲဒါတွေ အကုန်လုံးက ကန့်သတ်ခံထားရတဲ့ အနေအထားမှာဆိုတော့ သူတို့က အဲဒီဟာအတွက်က တော်တော် အခက်အခဲဖြစ်နေတဲ့ အနေအထား ရှိတာပေါ့လေ။
မေး – ပြီးရင် တိုင်းထဲက စစ်ကောင်စီရ့ မတရားဖမ်းဆီးသတ်ဖြတ်မှုနဲ့အတူ တော်လှန်ရေးအင်အားစုတွေရဲ့ ဒလန်ရှင်းလင်းရေး ခေါင်းစဉ်ကြောင့် ဒေသခံပြည်သူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ – တိုင်းထဲက စစ်ကောင်စီရဲ့ မတရားသတ်ဖြတ်မှုနဲ့ တော်လှန်ရေးအင်အားစုတွေ ဒလန်ရှင်းလင်းရေး ခေါင်းစဉ်တွေကြောင့် ဒေသခံ ပြည်သူတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ ဒီတစ်ချက်ချင်း ပြောရမယ်ပေါ့လေနော်။
တစ်ချက်ခြင်း ပြောရမယ်ဆိုရင် စစ်ကောင်စီဘက်က မတရား ဖမ်းဆီးသတ်ဖြတ်တာတော့ ပုံမှန်အတိုင်း ရှိနေဆဲပေါ့နော်။ တစ်လကို ၁၀ ယောက်ဝန်းကျင်ကတော့ တနင်္သာရီတိုင်းထဲမှာ အရပ်သား ၁၀ ယောက် ဝန်းကျင်ကတော့ ပုံမှန်အတိုင်း ဖမ်းဆီးသတ်ဖြတ်ခံရတာရှိတယ်။
ဟိုအများစုကတော့ ကျွန်တော်တို့ ဒီအခုအနေအထားအရဆိုရင် လက်နက်ကြီးနဲ့ ပစ်လို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ သေတဲ့ဟာတွေရှိတယ်။ နောက်ပြီးတော့ ဒီလေယာဉ်နဲ့ ဗုံးချတိုက်ခိုက်တဲ့ အတွက်ကြောင့်မို့လို့ သေဆုံးထားတာရှိတယ်။
နောက်စစ်ကြောင်းထိုးလာတဲ့ အချိန်မှာ ဖမ်းဆီးပြီးတော့ သတ်ဖြတ်ခံရတာတွေလည်း ရှိတယ်ပေါ့နော်။ ဒါကကျွန်တော်တို့ စစ်ကောင်စီဘက်က ဖမ်းဆီးသတ်ဖြတ်နေတဲ့ အနေအထားပေါ့နော်။
တစ်ဖက်မှာက တော်လှန်ရေးတပ်တွေ အင်အားစုတွေရဲ့ ဒလန်ရှင်းလင်းရေး ခေါင်းစဉ်ကြောင့် ဒီဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ လူမြင်ကွင်းကြားမှာ ရှင်းလင်းပစ်ခတ်တာတွေကတော့ အရမ်းကို ထိုးကျသွားတဲ့ အနေအထား ရှိတယ်ပေါ့လေနော်။
အရင်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အခုကတော့ တစ်လကို တစ်ယောက်ဝန်းကျင် တစ်ယောက် နှစ်ယောက် အဲဒီ လောက်ဝန်းကျင်ပဲ ရှိတယ်ပေါ့နော်။
အရင်ကဆိုရင်တော့ ၈ ယောက် ၁၀ ယောက် အဲဒီလောက် ဝန်းကျင် ရှိတယ်ဆိုတော့ကာ ဒီဟာနှစ်ချက်ကို နှိုင်းမယ်ဆိုရင် တော်တော်ကိုကျသွားတဲ့ အနေအထားမှာ ရှိတယ်ပေါ့နော်။
မေး – လက်ရှိ စစ်ဘေးရှောင်တွေဟာ တစ်တိုင်းလုံးအနေနဲ့ ရှစ်သောင်းကျော်လာပြီဆိုတော့ စစ်ဘေးရှောင်တွေအတွက် အဓိကလိုအပ်ချက်က ဘာဖြစ်မလဲ။
ဖြေ – လက်ရှိ စစ်ဘေးရှောင်တွေဆိုရင် တစ်တိုင်းလုံးအနေအထားနဲ့ဆိုရင် ရှစ်သောင်းကျော် လာပြီဆိုတော့ စစ်ဘေးရှောင်တွေရဲ့ အဓိကလိုအပ်ချက်ကတော့ အဓိကတော့ ဒီကျွန်တော်တို့ စစ်ဘေးရှောင်အများစုရှိတဲ့ ဒေသတွေကိုဆိုရင် စစ်ကောင်စီက ဆန်/ရိက္ခာ အပါအဝင် ဆေးဝါး၊ စက်သုံးဆီ အကုန်လုံး ကန့်သတ်ထားတယ်ပေါ့နော်။ တင်ပို့ခွင့် ကန့်သတ်ထားတဲ့အတွက်က အဓိကတော့ စားနပ်ရိက္ခာရှိတယ်။
ဆေးဝါးလိုအပ်ချက်ကတော့ အရမ်းများတယ်ပေါ့နော်။ ကျွန်တော်တို့ စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေနဲ့ ဒေတာတွေ ကောက်တဲ့အချိန်မှာ သူတို့ဘက်မှာ ဒီဆေးဝါးတွေကို သယ်ဖို့အတွက်က ဒီဟိုဟာပေါ့ ဒီမိန်းလမ်းကြောင်းတွေကို သုံးလို့မရဘဲ တခြားလမ်းကြောင်းတွေနဲ့ သုံးရပြီးတော့ အဲ့ဒီဆေးဝါးတွေကို သယ်ပို့နေရတယ်ပေါ့နော်။
ဆိုတော့ မိုးရာသီအတွက်က ဆေးဝါးတွေ ကြိုစုရတယ်ပေါ့။ အဲဒီကြိုစုတဲ့ အနေအထားမှာဆိုရင် ဒီဆေးဝါးလိုအပ်ချက်အ အရမ်းများနေတာပေါ့နော်။ ဆိုတော့ ဒီတစ်ဖက်မှာလည်း မိုးရာသီကလည်း ကျပြီးပေါ့နော် ရောက်လာပြီဆိုတော့က မိုးကလည်း အရမ်းများတယ်ဆိုတော့ ကျွန်တော်တို့ စစ်ဘေးရှောင်တွေ နေထိုင်ဖို့အတွက် မိုးကာလိုအပ်ချက်ကလည်း ရှိနေတယ်။
ဆိုတော့ခြုံပြောရမယ်ဆိုရင် ဆန်၊ ရိက္ခာရယ် ဆေးဝါးရယ် မိုးကာလိုအပ်ချက်ကတော့ များနေဆဲ လိုအပ်ချက်တွေ များနေတယ်လို့ပဲ ပြောရမယ်။
မေး – နောက်ဆုံးအနေနဲ့ တော်လှန်ရေးအချိန် ကြာမြင့်လာတာနဲ့အမျှ တနင်္သာရီတိုင်းထဲက ဒေသခံပြည်သူတွေ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေရတာရှိလဲ။
ဖြေ – နောက်ဆုံးအနေနဲ့ တော်လှန်ရေးအချိန်ကြာမြင့်လာတာနဲ့အမျှ တနင်္သာရီတိုင်းထဲက ဒေသခံပြည်သူတွေ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နေရလည်း ဆိုတော့၊ ဟိုဟာပေါ့လေ တိုက်ပွဲတွေက နေရာအနှံ့ဖြစ်နေတယ်။
စစ်ကောင်စီကလည်း သူတို့စစ်ဆေးရေးဂိတ်တွေမှာ ခုနကပြောတဲ့ ဆန်၊ ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ အဲဒါတွေ ကန့်သတ် ထားတယ်ပေါ့နော်။ အဲဒါတွေမို့လို့က သူတို့ ဒီရိက္ခာ ဆန်တွေကို စားဖို့သောက်ဖို့ ဆေးဝါးတွေ ကုဖို့အတွက်က ဈေးကြီးပေးပြီး ဝယ်သုံးနေရတယ် ဝယ်စားနေရတဲ့ အခြေအနေမှာရှိတယ်။
တစ်ဖက်မှာလည်း ဒီစီးပွားရေးလုပ်ငန်းတွေ တနင်္သာရီတိုင်းထဲက စီးပွားရေးလုပ်ငန်းတွေကလည်း ငါးဖမ်းလုပ်ငန်းတို့ မွေးမြူရေးလုပ်ငန်း စိုက်ပျိုးရေးပေါ့နော်။ အဲဒီဟာ လုပ်ငန်းတွေကလည်း ဒီဒေသခံတွေက ဒီလုပ်ငန်းတွေကို လုပ်ခွင့်မရဘဲ စစ်ဘေးရှောင်နေရတာတွေ နောက်ပြီး လက်နက်ကြီးနဲ့ ပစ်လို့ ထွက်ပြေးနေရတာတွေ စသဖြင့် အဲဒါတွေကတော့ အများကြီးရှိနေတာပေါ့နော်။
ဆိုတော့ ဒီတစ်ဖက်မှာလည်း တနင်္သာရီတိုင်းက မိုးအရမ်းများတယ်ပေါ့နော်။ တခြားတိုင်းနဲ့ ပြည်နယ်နဲ့စာရင် မိုးအရမ်းများတယ်ဆိုတော့ကာ ဟိုအရင် အာဏာမသိမ်းခင်ကဆိုရင်တောင်ပဲ ဒီမိုးရာသီအတွက်ကို ဆန်၊ ရိက္ခာပေါ့နော် ဆန်၊ ရိက္ခာ၊ ငွေကြေးတွေ ကြိုစုရတယ်ပေါ့နော်။
အလုပ်လုပ်လို့မရဘူးဆိုတဲ့ အနေအထားပေါ့နော်။ နေ့စားအလုပ်သမားတွေ ပန်းရံလို နေ့စားအလုပ်သမားတွေ အလုပ်လုပ်လို့ မရဘူး။ ဆိုတော့ အခုက အဲဒီလိုမျိုး မိုးရာသီအပြင်မှာပဲ တစ်ဖက်က စစ်ကောင်စီရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေ တိုက်ပွဲတွေက ဒေသခံပြည်သူတွေက ပိုပြီးတော့ ခက်ခဲကြပ်တည်းက ပိုကြုံနေရတဲ့ အနေအထား ရှိတယ်လို့ တွေ့ရတယ်ပေါ့နော်။ ကျေးဇူးပါခင်ဗျား။
သံလွင်တိုင်းမ်