မော်လမြိုင် ၊ ဇွန် ၁၇
မွန်ပြည်ဖက်ဒရယ်ယူနစ်တရပ် ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးကာလ မွန်ပြည်ချာတာတရပ် ရေးဆွဲသွားဖို့ တတိယအကြိမ် ညီလာခံကနေ ဆုံးဖြတ်လိုက်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ထံကနေ သိရပါတယ်။
မွန်ပြည်နယ် ၁၀ မြို့နယ်ကို အခြေပြုပြီး ရည်ရွယ်ချက်တူ ဘဝတူ တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး တော်လှန်ရေးကာလ မွန်ပြည်ချာတာတရပ်ကို ရေးဆွဲသွားဖို့ ဇွန် ၁၅ ရက်နေ့ ညီလာခံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ အသိပေးထုတ်ပြန်လာတာပါ။
ချာတာအတွက် ပါသင့်ပါထိုက်တဲ့ မူဘောင်တွေကို စတင်ညှိနှိုင်းဖို့ ပြည်နယ်အတွင်းရှိ တော်လှန် ရေး အင်အားစုတွေအားလုံးကို ဖိတ်ခေါ်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီဝင် နိုင်မွန်စိုင်းက ပြောပါတယ်။
“ချာတာတော့ အဓိကတော်လှန်ရေးအင်အားစုတွေကြားထဲမှာ သဘောတူနိုင်တဲ့ အချက်အလက်တွေပေါ်မှာ အမြန်ဆုံးရေးနိုင်ဖို့ ပြောတာရှိပါတယ်။ ညီလာခံပြီးတဲ့အခါမှာလည်း ဆက်လက်ပြီးတော့ ဖိတ်ခေါ်သွားမှာဖြစ်တယ်။ တခြားသော အင်အားစုတွေကို ကျွန်တော်တို့ ချာတာမှာ ပါသင့်ပါထိုက်တဲ့ မူဘောင်တွေကို ကျွန်တော်တို့ စတင်ညှိနှိုင်းဖို့ မွန်ပြည်နယ်မှာရှိတဲ့ တော်လှန်ရေးအင်အား စုတွေအားလုံးကို ကျွန်တော်တို့ ဘက်ကနေပြီးတော့ ကြိုးစားဖိတ်ခေါ်ကြည့်ပါ့မယ်” လို့ ဆိုပါတယ်။
မွန်ပြည်ချာတာရေးဆွဲရေးမှာ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တိုက်ခိုက်နေတဲ့ အင်အား စုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ERO ထဲက မွန်ပြည်သစ်ပါတီ AD နဲ့လည်း ဆွေးနွေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ MSCC ၊ ပြည်နယ်အတွင်းရှိ CDM အဖွဲ့တွေအပြင် လက်နက်ကိုင်အင်အားစုတွေနဲ့လည်း ဆွေးနွေးပြီး အားလုံးသဘောတူညီချက်နဲ့ ချာတာတစ်ခုရနိုင်အောင် ကြိုးစားသွားမယ်လို့ နိုင်မွန်စိုင်းက ဆိုပါတယ်။
မွန်ပြည်အတွင်း ဖက်ဒရယ်ဖော်ဆောင်ရေးလုပ်ငန်းတွေ တင်ပြဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ဖို့ ရည်ရွယ်ချက်တွေနဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ တတိယကြိမ်ညီလာခံကို ဇွန် ၁၄ နဲ့ ၁၅ ရက်နေ့တို့မှာ ကျင်းပခဲ့ပါတယ်။
ညီလာခံမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ နိုင်ငံရေး၊စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကောင်စီရဲ့ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ပြီး မွန်ပြည်ချာတာရေးဆွဲရေးအပါအဝင် ရှေ့လုပ်ငန်းစဉ်လေးခုကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီထဲက နိုင်ငံရေးနဲ့ စစ်ရေးကဏ္ဍမှာ ဘယ်လုပ်ငန်းစဉ်ကို ဦးစားပေးဖို့ ရှိမလဲဆိုတာ သံလွင်တိုင်းမ်က မေးမြန်ရာမှာတော့ ပြည်နယ်အတွင်း မတူညီတဲ့ အင်အားစုတွေကြား နိုင်ငံရေးအရ ပူးပေါင်းလုပ်ဆောင်ဖို့ စစ်ရေးတွေလည်း များများဖော်ဆောင်ဖို့ ဆွေးနွေးခဲ့တယ်လို့ နိုင်မွန်စိုင်းက ပြောပါတယ်။
“ဒီအင်အားစုတွေကြားထဲမှာ နိုင်ငံရေးအရ ဘယ်လိုလုပ်နိုင်မလဲ။ ဒါတစ်ခုပေါ့။ ဒါတွေကို ကျွန်တော်တို့ စဉ်းစားထားတာ ရှိပါတယ်။ စစ်ရေးပိုင်းလည်း ထို့နည်းလည်းကောင်းပဲ။ စစ်ရေးပိုင်းမှာ တကယ် စစ်အာဏာရှင်စနစ်ကို တိုက်နေတဲ့ အဖွဲ့အစည်းတွေပေါ့။ PDF ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ပြည်နယ်အခြေပြု တပ်တွေပဲဖြစ်ဖြစ် နောက် ERO ပဲဖြစ်ဖြစ် အဓိက မွန်ပြည်နယ်ထဲမှာ စစ်ရေးတွေ များများဖော်ဆောင်နိုင်ဖို့ ဒါတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြတာ ရှိပါတယ်” လို့ ဆိုပါတယ်။
ကောင်စီအနေနဲ့ ERO တွေ တိုင်းရင်းသား ဖက်ဒရယ်ယူနစ်တွေနဲ့ အခြား ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးကို ဦးတည်တဲ့ Bottom-Up Federalism စနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ အသိပေးထားတာပါ။
ဒါ့အပြင် မွန်ပြည်နယ်နဲ့ ဆက်စပ်ဒေသရှိ စစ်ဘေးသင့် အမျိုးသမီးနဲ့ကလေးငယ် အပါအဝင် အတိ ဒုက္ခရောက်ရှိတဲ့ ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးဖို့ ခရိုင်အဆင့် ပြည်သူ့လုံခြုံရေးနဲ့ ဝန်ဆောင် မှုကော်မတီတွေ ဖွဲ့စည်းပြီး ကူညီသွားမယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို အပြည့်အဝဆန့်ကျင်ရာမှာလည်း ပြည် သူလူထုတွေ ပါဝင်လာစေဖို့ တိုက်တွန်းလှုံ့ဆော်ပြီး မဟာဗျူဟာတရပ်ကို ရေးဆွဲသွားမယ်လို့ ညီ လာခံကနေ ရှေ့လုပ်ငန်းစဉ်တွေအဖြစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် နိုင်ငံရေးနည်းလမ်းအရ ပြည်သူတွေကို အသိပညာပေးသွားမှာဖြစ်သလို နိုင်ငံတကာကိုလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အသိအမှတ်မပြုဖို့နဲ့ မကူညီဖို့ သံတမန်နည်းအရ အသိပေးသွားမယ်လို့ ဆိုပါတယ်။
နောက်ဆုံးအနေနဲ့ စစ်ကောင်စီက ရွေးကောက်ပွဲကို အမှန်တကယ်လုပ်လာမယ်ဆိုရင် စစ်ရေးအရ စီမံချက်ချထားတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် ဒေါက်တာ သီရိမွန်ချမ်းက ပြောပါတယ်။
“တကယ်လို့ စကစက ၂၀၂၅ ရွေးကောက်ပွဲကို တကယ်တမ်းလုပ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ စစ်ရေးအရ စီမံချက်ချထားတယ်။ ဒါကိုလည်း ကျွန်တော်တို့ မွန်ပြည်နယ်မှာ မိမိတို့ မွန်လက်နက်ကိုင်တပ်ဖွဲ့အပြင် အခြား PDF တွေနဲ့ ပူးပေါင်းပြီးတော့ ရွေးကောက်ပွဲမဖြစ်မြောက်ရေး ရွေးကောက်ပွဲပျက်ပြားရေးအတွက် ကျွန်တော်တို့အနေနဲ့ အဲဒီလိုမျိုး စီမံချက်ချထားတာရှိပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။
နှစ်ရက်တာကျင်းပခဲ့တဲ့ ညီလာခံမှာ အင်အားစုအသီးသီးက ကိုယ်စားလှယ် ၂၀၀ ကျော်ဟာ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ဒုတိယရက်မှာတော့ အွန်လိုင်းကနေ ၁၂၅ ဦး နဲ့ မြေပြင်မှာ ၇၁ ဦး စုစုပေါင်း ကိုယ်စားလှယ် ၁၉၆ ဦး တက်ရောက်ခဲ့ကြတာပါ။
ညီလာခံမှာ ကောင်စီဝင် နိုင်ကောင်းရွက်၊ မိကွန်းချမ်းနွန်နဲ့ ဒေါက်တာသီရိမွန်ချမ်းတို့ကို သဘာပတိ အဖွဲ့ဝင် အဖြစ် ရွေးချယ်တင်မြှောက်ပြီး ကော်မတီ (၃) ရပ်ရဲ့ ဥက္ကဋ္ဌတွေကို ရွေးချယ်ကာ တတိယအကြိမ် ညီလာခံကနေ ချမှတ်တဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဦးဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MSFC