ဆီဆိုင်၊ ဇွန် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တပူးထိုးကျေးရွာမှာ PNO ပြည်သူ့စစ်တွေက ကျေးရွာအတွင်းရှိ ဒေသခံပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေး တပ်မတော် PNLA က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု တပူးထိုးကျေးရွာမှာ တပ်စွဲထားတဲ့ PNO ပြည်သူ့စစ်က ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ ညပိုင်းမှာ တပူးထိုကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တပူးထိုကျေးရွာက နှစ်ညဆက်တိုက် မီးလောင်ခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ PNLA က ဆိုပါတယ်။

တပူးထိုကျေးရွာဟာ PNO ပြည်သူ့စစ်တွေ တပ်စွဲနေထိုင်နေတာ လေးလကျော်ရှိပြီးဖြစ်သလို ဇွန် ၇ ရက်နေ့ကလည်း ဒေသခံ ရွာသားတွေကို ကျေးရွာအတွင်း မောင်းထုတ်ပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ တပူးထိုကျေးရွာအတွင်းရှိ နေအိမ်တွေဟာ တစ်လုံးနဲ့တစ်လုံး ကပ် ရပ်ရှိမနေတာနဲ့ မိုးရွာတာကြောင့် တစ်ရွာလုံး မီးမလောင်သွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စုနှစ်ရှိ ဒေသခံပြည်သူ ၄၀၀၀ ကျော်ကို ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ကျေးရွာအတွင်းက ထွက်သွားရမယ်လို့ မောင်းထုတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆီဆိုင်မြို့နယ်ရှိ နောင်ကျောကျေးရွာအုပ်စုနဲ့ တောင်ရှေ့ကျေးရွာအုပ်စုရှိ ကျေးရွာပေါင်း ၇ ရွာက ဒေသခံတွေ ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာပေးဖို့ PNO ပြည်သူ့စစ်တွေက ပြီးခဲ့တဲ့ ဇွန် ၅ ရက်နေ့မှာ ကျေးရွာတွေကို စာပို့အကြောင်းကြားလာတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.